မူးယစ်ဆေး ဖြန့်ဖြူးနေသည်ဆိုသော ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်နေသူ တစ်ဦးနှင့် ဆိပ်ဖူးကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကို ဇူလိုင်လ ၂ ရက်နေ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်း(ပကဖ)က ယနေ့(ဇူလိုင် ၄) ထုတ်ပြန်သည်။
ကော့သောင်းခရိုင် အေးချမ်းသာရွာနေ ဦးမြင့်ရှိန်ခေါ် ချောကလက်ကို ဇူလိုင် ၂ ရက်နေ့ နံနက် ၁၀ ခန့်တွင် ၎င်း၏နေအိမ်၌ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်း ပကဖထုတ်ပြန်ချက်အရ သိရသည်။
ဦးမြင့်ရှိန်သည် WY စိတ်ကြွမူးယစ်ဆေးဝါးရောင်းဝယ်နေသူတစ်ဦးဖြစ်ပြီး စစ်ကောင်စီသတင်းပေးလည်း ဖြစ်သည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ဖော်ပြသည်။
“သူ(ဦးမြင့်ရှိန်)ကတော့ အာဏာသိမ်းပြီးကတည်းက အေးချမ်းသာရွာမှာ အခြေကျပြီး လာနေတယ်။ ဈေးဆိုင်ရောင်းတာကို ဟန်ပြလုပ်ပြီး မာရမ်းရဲစခန်းက ရဲတွေ စစ်ကောင်စီတပ်တွေ အာဏာပိုင်တွေနဲ့ပေါင်းပြီး မူးယစ်ဆေးဝါးရောင်းဝယ်တာကို တွင်တွင်ကျယ်ကျယ်ကိုလုပ်တယ်”ဟု ကော့သောင်း ပကဖတာဝန်ရှိသူက ပြောသည်။
အာဏာမသိမ်းမီကမူ ကော့သောင်းမြို့ရှိ ရွှေပြည်သာရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က မားရမ်းရဲစခန်းမှူးနှင့်အဖွဲ့ တိုက်ခိုက်ခံရပြီးကတည်းက ရဲများအခြေမချရဲသည့်အတွက် ဦးမြင့်ရှိန်က တော်လှန်ရေးအဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုအချက်အလက်များကို သတင်းပေးကာ ဒေါက်တိုင် လုပ်ဆောင်ခဲ့ကြောင်း ၎င်းကဆိုသည်။
ထို့အပြင် ခမောက်ကြီးမြို့၊ဆိပ်ဖူးကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သည့် အသက် ၄၀ ဝန်းကျင်အရွယ် ဦးလှနိုင်ကိုလည်း ဇူလိုင် ၂ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ကျေးရွာလမ်းပိုင်းတစ်နေရာ၌ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“သူတို့နှစ်ယောက်စလုံးကတော့ အမာခံဒေါက်တိုင်တွေပေါ့နော်။ စစ်ကောင်စီခန့်အုပ်ကြီးကတော့ အဓိကထောက်တိုင်ပေါ့။ကျွန်တော်တို့ဆီက သူ့လူကိုယ့်ဘက်သားလုပ်ပြီး သတင်းတွေယူ။ စကစတွေကို သတင်းပေးတာတွေလုပ်တယ်”ဟု ကော့သောင်း ပကဖ တာဝန်ရှိသူကပြောသည်။
ယင်းလုပ်ရပ်များမလုပ်ရန် အထက်ပါ နှစ်ဦးစလုံးကို စာပို့သတိပေးခြင်း ၊ဖုန်းဆက်သတိပေးခြင်းအပြင် လူချင်းပါ တွေ့ပြီး အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း ဆက်လက်လုပ်ဆောင်နေသဖြင့် ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ကော့သောင်းမြို့နယ်နှင့် ခမောက်ကြီးမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများနေသဖြင့် တိုင်ကြားလာပါက သို့မဟုတ် တွေ့ရှိပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ကော့သောင်း ပကဖ က ထုတ်ပြန်ထားသည်။






