BREAKING
October 20, 2025

ဗီဇာလျှောက်သည့် ကျောင်းသားများ၏ လူမှုကွန်ရက်အကောင့်များ စစ်ဆေးခံရနိုင်ဟု ဟားဗတ်သတိပေး

July 4, 2025

ဓာတ်ပုံ - AFP

ဟားဗတ်တက္ကသိုလ်တွင် တက်ရောက်မည့် နိုင်ငံတကာကျောင်းသားများအနေဖြင့် မိမိလူမှုကွန်ရက်တွင် ရေးသားပြောဆိုမျှဝေမှုများကို သတိပြုကြရန် တက္ကသိုလ်တာဝန်ရှိသူများက ဇူလိုင်လ ၃ ရက်နေ့တွင် ကျောင်းသားများထံ ဖုန်းခေါ်ဆိုကာ အကြံပြုတိုက်တွန်းလိုက်သည်။

ဟားဗတ်တက္ကသိုလ်တွင် နိုင်ငံတကာကျောင်းသားများ လက်ခံခွင့်ကို ပိတ်ပင်ရန် ထရမ့်အစိုးရ၏ ကြိုးပမ်းမှုကို တရားရုံးက တားမြစ်လိုက်ပြီးနောက်တွင် တက္ကသိုလ်ဘက်က ယင်းသို့ အကြံပြုတိုက်တွန်းလာခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနအရာရှိများသည် အမေရိကန်ကျောင်းသားဗီဇာ လျှောက်ထားသူများ၏ လူမှုကွန်ရက်အကောင့်များကို စောင့်ကြည့်စစ်ဆေးနိုင်ကြောင်း ဟားဗတ်တက္ကသိုလ် တာဝန်ရှိသူများက ကျောင်းသားများကို သတိပေးထားသည်။

အမေရိကန်အစိုးရ အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာနက ကျောင်းသားများ၏ လက်ကိုင်ဖုန်း ၊ ကွန်ပျူတာများကို စောင့်ကြည့်စစ်ဆေးကာ ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်နိုင်ခြေရှိကြောင်း တက္ကသိုလ်တာဝန်ရှိသူများထံမှ ဖုန်းဆက်သတိပေးမှုခံရသည့် ကျောင်းသားများက ပြန်ပြောင်းပြောပြသည်။

အဆိုပါ စောင့်ကြည့်စစ်ဆေးမှုများကို အစိုးရအရာရှိများကိုယ်တိုင် သို့မဟုတ် ဉာဏ်ရည်တုနည်းပညာ(AI) ဖြင့် ဆောင်ရွက်သွားမည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဟားဗတ်တက္ကသိုလ်တာဝန်ရှိသူများက ဆိုသည်။

လူမှုကွန်ရက်ပေါ်တွင် မည်သို့သော ရေးသားပြောဆိုမျှဝေမှုများက ကျောင်းသားများအတွက် အန္တရာယ်ဖြစ်စေနိုင်သည်ဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ၎င်းတို့က ပြောသည်။

ပါလက်စတိုင်းကို ထောက်ခံကြောင်းပြသမှု ၊ ဂျူးဆန့်ကျင်ရေး ရေးသားပြောဆိုမှု ၊ အမေရိကန်အစိုးရကို ဝေဖန်ကြောင်း ရေးသားပြောဆိုမှုများက အဓိကစောင့်ကြည့်ခံရမည့် အရာများ ဖြစ်ကြောင်း တက္ကသိုလ်မှ ဖုန်းခေါ်ဆိုအကြံပြုခံခဲ့ရသည့် ကျောင်းသားများက ပြောသည်။

မည်မျှသေးငယ်သည့် ပြစ်မှုဖြစ်စေကာမူ ရဲတပ်ဖွဲ့၏ ပြစ်မှုမှတ်တမ်းရှိခဲ့ဖူးသည့် ကျောင်းသားများမှာလည်း အဓိကအာရုံစိုက်စောင့်ကြည့်ခံရနိုင်ကြောင်း ၎င်းတို့က ဆိုသည်။

မိမိ၏ လက်ကိုင်ဖုန်း သို့မဟုတ် ကွန်ပျူတာမှ အချက်အလက်များအားလုံးကို ဖျက်ပစ်ထားခြင်းကလည်း အမေရိကန်အစိုးရအရာရှိများအဖို့ သံသယဝင်စေနိုင်သည်ဟုလည်း ပြောသည်။

သိပ္ပံ ၊ နည်းပညာ ၊ အင်ဂျင်နီယာ ၊ သင်္ချာ ၊ဉာဏ်ရည်တုနည်းပညာ(AI) စသည့်ပညာရပ်များကို လေ့လာနေသည့် အီရန်နှင့် တရုတ်နိုင်ငံမှ ကျောင်းသားများအနေဖြင့် ပိုမိုဂရုစိုက်ရန်လိုအပ်ကြောင်း တက္ကသိုလ်တာဝန်ရှိသူများ၏ ဖုန်းခေါ်ဆိုမှုအတွင်း ပါဝင်သည့် ကျောင်းသားများက ဆိုသည်။

အီရန်ကျောင်းသားများအနေဖြင့် ဘွန်စတွန်မြို့ လိုဂန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆင်းသက်လျှင် ပိုမိုစောင့်ကြည့်စစ်ဆေးခံရနိုင်သဖြင့် နယူးယောက်မြို့ ၊ ဂျွန်အက်ဖ်ကနေဒီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆင်းသက်ခြင်းက ပိုကောင်းမွန်ကြောင်း တက္ကသိုလ်ဘက်က အကြံပြုထားသည်။

Source: The Straits Times