စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ပုလောမြို့နယ် ဒူးရင်းပင်ရှောင်ကျေးရွာက ခရစ်ယာန်ဘုရားကျောင်းဆောင် လက်နက်ကြီးကျည် ထိမှန်ကြောင်း ဒေသခံများနှင့် KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ ဇွန်လ ၄ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ ပုလောတပ်ရင်း ၂၈၅ တပ်စခန်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက်နက်ကြီးကျည်တစ်လုံး ပစ်ခတ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ် ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။
ယင်းလက်နက်ကြီးမှာ ပုလောမြို့နယ် (KNU အခေါ် လယ်မူလားမြို့နယ်) ဒူးရင်းပင်ရှောင်ကျေးရွာက ဘုရားကျောင်းကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေသခံတစ်ဦးကလည်း စစ်ကောင်စီတပ်က ၎င်းတို့ရွာကို လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် ဘုရားကျောင်းရှိ ပြတင်းမှန်တံခါးများ ပျက်စီးကြောင်း ပြောဆိုသည်။
“(ဘုရားကျောင်းက) မှန်တွေကြေကုန်တယ်။ လူတော့ထိခိုက်မှုမရှိဘူး” ဟု ၎င်းက ပြောသည်။
KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည့် ဓာတ်ပုံများထဲတွင်လည်း ဘုရားကျောင်းဆောင် ပြတင်းမှန်တံခါးများ ကွဲကြေနေသည်ကို တွေ့ရသည်။


