မြိတ်မြို့တွင် ပြီးခဲ့သည် မေလအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြင့် သေဆုံးခဲ့သည့် ကလေးနှစ်ဦးအထိရှိကြောင်း သေဆုံးသည့် ကလေးများ၏ နာရေးကိစ္စ ကူညီဆောက်ရွက်ပေးသူများထံမှ သိရသည်။
သေဆုံးသည့် ကလေးနှစ်ဦးစလုံးသည် မေလ နောက်ဆုံးအပတ်အတွင်း ဆေးကုသမှုခံယူနေရင်း သေဆုံးခဲ့ရကြောင်း မြို့ခံနာရေးကူညီမှုအသင်းများကဆိုသည်။
မြိတ်မြို့ ၊ တောင်ပြိုရပ်ကွက်မှ အသက် ၄ နှစ် ၃ လအရွယ် ယောက်ျားကလေးတစ်ဦး မေလ ၂၃ ရက်ညက သွေးလွန်တုပ်ကွေးရောဂါလက္ခဏာဖြင့် သေဆုံးခဲ့ပြီး ယင်းကလေးသည် သွေးလွန်တုပ်ကွေးရောဂါအပြင် အခြားရောဂါအခံလည်းရှိကြောင်း နာရေးကိစ္စ ကူညီဆောင်ရွက်ပေးခဲ့သည့် ဝဋံသက နာရေးကူညီမှု အသင်းထံမှသိရသည်။
မေလ ၂၄ ရက်ကလည်း မြိတ်မြို့ ၊ တပ်ပြင်ရပ်ကွက်မှ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သွေးလွန်တုပ်ကွေး ရောဂါဖြင့် သေဆုံးခဲ့ကြောင်း နာရေးကိစ္စကူညီဆောင်ရွက်ပေးခဲ့သည့် တပ်ပြင်ရပ်ကွက် နာရေးကူညီမှုအသင်းထံမှ သိရသည်။
“သွေးလွန်တုပ်ကွေးနာရေး အနေနဲ့ ကျွန်တော်တို့ကူညီပေးတာကတစ်လောင်းနဲ့ ဝဋံသကအဖွဲ့က ကူညီတာ တစ်လောင်းရှိတယ်။ ကျွန်တော်တို့သိတာကတော့ နှစ်လောင်းရှိပြီ။ ကျန်တာက လူမသိတာလည်းရှိမယ်။ ကလေးတွေကတော့ သွေးလွန်တုပ်ကွေး လက္ခဏာနဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ ရောက်နေကြတယ်” ဟု တပ်ပြင်ရပ်ကွက် နာရေးကူညီမှု အသင်းဝင်တစ်ဦး ကပြောသည်။
ထားဝယ်မြို့တွင်လည်း ယခုမိုးဦးကျရာသီတွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးကုသမှုခံယူရင်း အသက်သေဆုံးနေသည့် ကလေးသုံးဦးရှိပြီဖြစ်ကြောင်း ထားဝယ်မြို့ခံများထံမှသိရသည်။
ပုံစာ – သွေးလွန်တုပ်ကွေး ရောဂါဖြင့် သေဆုံးသည့် တပ်ပြင်ရပ်ကွက်မှ ကလေးအား သင်္ဂြိုဟ်နေစဥ်။
ဓာတ်ပုံ – တပ်ပြင် နာရေးကူညီမှု အသင်း။