တနင်္သာရီတိုင်းတွင် ကျောင်းအပ်သူ တစ်သိန်းကိုးသောင်းကျော်ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။
အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၃၄ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၉ ကျောင်းတို့တွင် အပ်နှံထားသည့်အရေအတွက်ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းအပ်သူ နှစ်သိန်းနှစ်သောင်းခန့်ရှိသော်လည်း ယခုပညာသင်နှစ်တွင် ဇွန်လ ၄ ရက် အထိ စာရင်းအရ ကျောင်းအပ်သူ တစ်သိန်းကိုးသောင်းစွန်းစွန်းသာရှိသဖြင့် ပြီးခဲ့သည့်နှစ်ကထက် သုံးသောင်းခန့် လျော့နည်း နေသေးသည်။
“ကျောင်းက အပ်နေကြတုန်းပဲရှိသေးတယ်။ ဇွန်လကုန်အထိ လက်ခံတယ်” ဟု တိုင်းပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကိုဗစ်ကာလနှင့် နိုင်ငံရေးအခြေအနေကြောင့် ကျောင်းနားထားသည့် ကလေးများအတွက်ကိုမူ ကျောင်းပြင်ပ ပညာရေး ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၎င်းက ဆိုသည်။
အာဏာသိမ်းပြီးနောက် နယ်မြေမအေးချမ်းသောကြောင့် နယ်ဒေသတွင် ကျောင်းများမဖွင့်သဖြင့် မြို့ပေါ်ကို မိသားစု အလိုက်ပြောင်းရွှေ့နေထိုင်ကာ အသက် ၁၃ နှစ်အရွယ်သမီးဖြစ်သူကို ယမန်နှစ်ကစ၍ Grade-3 တွင် ကျောင်းပြန်ထား ရကြောင်း သရက်ချောင်းမြို့နယ် ဝင်းဝကျေးရွာအနီးက ကျောင်းသား၏ မိခင်တစ်ဦးက ပြောဆိုသည်။
“မနှစ်ကမှ အဆောင်နေအဆောင်စား သဘောမျိုးနဲ့ ကျောင်းထားတာ၊ ကလေးကလည်း အရွယ်ရောက်နေပြီဆိုတော့ သူတစ်ယောက်တည်း မြို့ပေါ်မှာထားရတာ သိပ်အဆင်မပြေဘူး။ နောက်ပြီး သူ့တစ်ယောက်တည်းစရိတ်တောင် တစ်လကို လေးသိန်းလောက်ကုန်တယ်ဆိုတော့ ဘာမှမထူးဘူးဆိုပြီး အစ်မတို့သားအဖပါ မြို့ပေါ်ကို ပြောင်းလာလိုက်တယ်” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။
တနင်္သာရီတိုင်းတွင် စာသင်ကျောင်းပေါင်း ၁၃၀၀ ကျော်ရှိသည့်အနက် စစ်ရေးပဋိပက္ခအခြေအနေများကြောင့် ကျောင်းပေါင်း ၈၂၉ ကျောင်းသာ ဖွင့်လှစ်ထားနိုင်ကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။
ကျောင်းများမှာ ဇွန်လ ၂ရက်တွင် စတင်ဖွင့်လှစ်ရာ မြန်မာတစ်နိုင်ငံလုံးတွင် ကျောင်းအပ်နှံထားသူ ခြောက်သန်း နီးပါးရှိကြောင်း စစ်ကောင်စီပညာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။