BREAKING
June 6, 2025

တနင်္သာရီက စစ်ဘေးရှောင်များ ယားနာကုရန် ဆေးဝါးခက်ခဲ

June 4, 2025

တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ယားနာရောဂါကုသရန် ဆေးဝါးအလွယ်တကူ မရသည့်အတွက် အခက်အခဲများ ကြုံနေရကြောင်း စစ်ဘေးရှောင်နေသူများနှင့် စစ်ဘေးရှောင်အရေးကူညီနေသည့်အဖွဲ့အချို့ထံမှ သိရသည်။

ညောင်ပင်ကွင်းရွာခံများက ပြီးခဲ့သည့်နှစ် အောက်တိုဘာလနှောင်းပိုင်းမှစကာ စစ်ရှောင်နေရပြီး သုံးရေမလုံလောက်သဖြင့် ယားနာများဖြစ်ပွားလာကြကြောင်း အသက် ၂၆ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ထုံမခါ၊ ကျောက်မီးကျောင်း၊ သဘော့လိပ်ငယ်၊ ကြိမ်ချောင်း စသည့် ကျေးရွာတို့က စစ်ဘေးရှောင် ပြည်သူများတွင်ယားနာအဖြစ်များနေကြကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။

၎င်းတို့စစ်ဘေးရှောင်နေရသည့်နေရာအပါအဝင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအများစုကို စစ်ကောင်စီက ဆေးဝါး သယ်ဆောင်ခွင့်ကန့်သတ်ထားသည့်အတွက် ယားနာကုသရန် ဆေးဝါး အခက်အခဲကြုံနေရကြောင်း အထက်ပါ စစ်ဘေးရှောင် အမျိုးသမီးက ပြောဆိုသည်။

“ဆေးခန်းမရှိဘူး။ (တော်လှန်ရေး) ဆေးမှူးတွေလာတဲ့အခါမှ ပြရတယ်။ မလာတဲ့အချိန်ဆိုရင်တော့ မပြရဘူး။ ဆေးတွေ ကုန်သွားဆို(ရင်) လူကြုံနဲ့မှာပြီး ယားနာဆေးဝယ်ပြီး လိမ်းကြတယ်” ဟု ၎င်းက ပြောသည်။

စစ်ဘေးရှောင်များနေသည့်နေရာများတွင် ရေမလုံလောက်သည့်အတွက် ရေချောင်း၊ ရေကန်များမှ ရေကို ချိုးရပြီး ရေမချိုးရသည့်ရက်လည်းရှိသည့်အတွက် ယားနာရောဂါပိုဖြစ်လာကြောင်း ထုံမခါရွာနေ အသက်၅၅နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ဆိုသည်။

တော်လှန်ရေးတပ်ဆေးအဖွဲ့က ပေးထားခဲ့သည့် ယားနာအတွက် သောက်ဆေးနှင့် လိမ်းဆေးများမှာ အချိန်နှစ်ပတ် အတွက်သာရပြီး ရောဂါမပျောက်သေးပါက ဆေးမှူးနှင့် စစ်ရှောင်ကူနေသည့်အဖွဲ့များ လာသည့်အချိန်အထိ စောင့်ရလေ့ရှိကြောင်း စစ်ဘေးရှောင်နေသူအချို့က ပြောဆိုသည်။

စစ်ရှောင်ကူညီနေသည့်အဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့က ဆေးမှူးများ မရောက်သည့် စစ်ရှောင်နေရာများတွင် ဆေးဝါးပြတ်လပ်မှု ပိုကြုံရပြီး ယားနာဖြစ်ပွားသူပိုများကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။

“ရောက်တဲ့နေရာမှာတော့ ဆေးကုပေးတယ်။ အဲဒီအချိန်မှာ လာပြကြတယ်။ တချို့ လာပြချိန်ဆို တစ်ကိုယ်လုံးဖြစ်နေ တာရှိတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်လယ်ပိုင်းကလည်း လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်၊ ညောပြင်ကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာများတွင် အရေပြားရောဂါကူးစက်မှုများပြားခဲ့သည်။