ထိုင်းနိုင်ငံ ဖန်ငါးခရိုင် စူရင်းကျွန်းအနီး ပင်လယ်ပြင်တွင် ကော့သောင်းမြို့မှထွက်လာသော မြန်မာကုန်တင်လှေတစ်စီး နစ်မြုပ်ခဲ့မှုကြောင့် ကျွန်းပတ်ဝန်းကျင်က ထိန်းသိမ်းထားသော ရေအောက်သန္တာကျောက်တန်းများ ပျက်စီးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဧရာလင်း အမည်ရှိ မြန်မာကုန်တင်လှေသည် ဇွန်လ ၁ ရက်နေ့တွင် ကော့သောင်းမှ ထွက်ခွာလာစဉ် လှေကိုယ်ထည်၌ ရေယိုစိမ့်လာသဖြင့် နီးစပ်ရာကမ်းကို ကပ်ဖို့ ကြိုးစားရင်း ထိုင်းပင်လယ်ပြင် စူရင်းကျွန်းအနီးတွင် နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။
လှေနစ်မြုပ်သော နေရာသည် သန္တာကျောက်တန်းများကို ထိန်းသိမ်းထားသော စူရင်းကျွန်း အမျိုးသားဥယျာဉ် ကာကွယ်ရေးဒေသ၏ ရေတိမ်ဒေသဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
လှေနစ်မြုပ်မှုကြောင့် ရေအောက်သန္တာကျောက်တန်းများ ပျက်စီးခြင်းရှိမရှိ ဆက်တိုက်စစ်ဆေးနေရာ ယနေ့ ဇွန်လ ၄ ရက်နေ့တွင် ရေအောက်သန္တာကျောက်တန်းများ ပျက်စီးမှုကို ထုတ်ပြန်လာခြင်းဖြစ်သည်။
လှေနစ်မြုပ်စဉ် လှေကိုယ်ထည်နှင့် တိုက်မိသဖြင့် သန္တာကျောက်တန်းအများစု ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်ပြီး ထိခိုက်ခံရမှုဧရိယာသည် ၇၅ မီတာဝန်းကျင်ခန့်ရှိကာ အနည်းဆုံး ၁၅၀ မီတာခန့်အထိ ပျက်စီးမှုရှိနိုင်ကြောင်း ဖော်ပြသည်။
အထူးသဖြင့် ရေအောက် အပြာရောင်သန္တာကျောက်တန်း (Heliopora coerulea) အမျိုးအစားက ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပြီး အခြားအမျိုးအစားများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။






Heliopora coerulea သည် အပြာရောင်သန္တာကျောက်တန်းအမျိုးအစားဖြစ်ပြီး နှစ်ပေါင်းများစွာ အသက်ရှင်နိုင်သော သန္တာကျောက်တန်းအမျိုးအစားတစ်ခုဖြစ်သည်။
နောက်ထပ် လှေပေါ်ပါလာသည့် အဝတ်အစား၊ တာယာဘီးများနှင့် ကတ်ထူကဲ့သို့ ပစ္စည်းများလည်း ရေအောက်နစ်မြုပ်ခဲ့သဖြင့် ရေအောက် အမှိုက်များပိုများလာကာ သန္တာကျောက်တန်းများ ပိုပျက်စီးမည်ကို စိုးရိမ်ရကြောင်း သတင်းတွင် ဖော်ပြသည်။
လက်ရှိတွင် ရေငုတ်သမားများက လှေနစ်မြုပ်သည့် နေရာဝန်းကျင်ကို စစ်ဆေးနေဆဲဖြစ်ပြီး လှေပေါ်ပါလာသည့် လောင်စာဆီများလည်း ပင်လယ်ထဲ ယိုစိမ့်မှုမရှိစေရေး ဆက်လက်ဆောင်ရွက်နေကြောင်း ဖော်ပြသည်။
လှေပေါ်ပါလာသော မြန်မာနိုင်ငံသား ၇ ဦးကိုမူ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများအပါအဝင် အမှုငါးမှုဖြင့် စူရင်းအမျိုးသားဥယျာဉ်အာဏာပိုင်များက တရားစွဲထားကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Thairath, Matichon Online, CH 8