စစ်ကောင်စီက တင်သွင်းသယ်ဆောင်ခွင့် ပိတ်ထားသဖြင့် တနင်္သာရီမြို့နယ်အတွင်း တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေရှိ စာသင်ကျောင်းများတွင် သင်ထောက်ကူပစ္စည်းများ ဝယ်ယူရခက်ခဲပြီး အခက်တွေ့နေကြောင်း ဆရာ၊ ဆရာမများထံမှ သိရသည်။
ယခုနှစ် ဇန်နဝါရီလအစောပိုင်းမှစတင်ကာ သင်ထောက်ကူ ပစ္စည်းများကို စစ်ကောင်စီက တင်သွင်းခွင့်ပိတ်ပင်ထားသဖြင့် အခက်တွေ့နေကြောင်း အသက်၄၀နှစ်အရွယ် ဆရာမတစ်ဦးက ဆိုသည်။
”မနှစ်က ဝယ်ရလွယ်သေးတယ်။ ဒီနှစ်ဆို အတော်ပင်ပန်း (ခက်ခဲ) တယ်။ ကတ်ထူစက္ကူပြားနဲ့ ရောင်စုံစက္ကူတွေဆို ဝယ်ဖို့တောင် မရှိဘူး။ ကလေးတွေအတွက် သင်ထောက်ကူ အလုံအလောက်မရှိဘူး” ဟု ၎င်းက ပြောသည်။
ကျောင်းတွင် သင်ထောက်ကူပစ္စည်း အလုံအလောက်မရှိသဖြင့် အနီးဝန်းကျင်ရှိ အရာဝတ္ထုများ (ဝါး၊ စက္ကူ၊ ဘူးခွံ) ကို အစားထိုးအသုံးပြုနေရကြောင်း တနင်္သာရီမြို့နယ်အတွင်းရှိ အသက် ၂၇ နှစ်အရွယ် ဆရာမတစ်ဦးက ပြောဆိုသည်။
”သင်ပုန်းတွေဆို ဝယ်လို့တောင်မရှိဘူး။ အဲဒီတော့ အတန်းတွေကိုအချိန်လှည့်ပြီး သင်နေရတယ်။ ကစားစရာတွေလည်း မလောက်တော့ လုရင်းနဲ့ရန်ထဖြစ်တဲ့ ကလေးတွေလည်းရှိတယ်” ဟု အထက်ပါဆရာမက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း ပြည်သူ့အခြေပြုကျောင်းပေါင်း ၄၀ ကျော်ထက်မနည်းရှိပြီး ကျောင်းသူကျောင်းသား ခုနစ်ထောင်ကျော် ပညာသင်ယူနေကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့၏ စာရင်းအရသိရသည်။
တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများသည် စာသင်ကျောင်းများတွင် စခန်းချနေထိုင်သွားပြီး သင်ပုန်းကြီးအပါအဝင် သင်ထောက်ကူပစ္စည်းများကို ဖျက်ဆီးသွားကြောင်း ဆရာ ဆရာမများထံမှ သိရသည်။
စာသင်ကျောင်း အပါအဝင် လူစုလူဝေးရှိသည့်နေရာများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံဆောင်ရွက်နေချိန် ပြည်သူ့အခြေပြုကျောင်းများယာယီရပ်နားထားရန် NUG က မေလ ၂၅ ရက်တွင် ညွှန်ကြားထားသည်။