BREAKING
June 6, 2025

ရေဖြူ မင်းသားအုပ်စုတွင် နှစ်ဖက်တိုက်ပွဲထပ်ဖြစ်ပြီး စစ်ရေးပြန်တင်းမာ

June 4, 2025

ပုံစာ - မွန်၊ ကရင်၊ ထားဝယ် စစ်ရေးမဟာမိတ်က တော်လှန်ရေးရဲဘော်များကို ပြီးခဲ့သည် မေလက တွေ့ရစဥ်။ ဓာတ်ပုံ - KBDF

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ရွာအနီးတွင် ဇွန်လ ၂ရက်က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ရေးပြန်တင်းမာနေကြောင်း ဒေသခံများနှင့် တော်လှန်ရေး အင်အားစုများထံမှ သိရသည်။

ဆင်စွယ်ရွာတွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို တော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ရန်သွားစဥ် လမ်း၌ပင် ထိတွေ့တိုက်ပွဲ ဖြစ်ကြောင်း တိုက်ပွဲတွင်ပါဝင်သည့် မွန်၊ ကရင်၊ ထားဝယ် ပူးပေါင်းမဟာမိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည် ။

“စစ်ကောင်စီဘက်ကတော့ အထိအခိုက်ရှိတယ်။ အတိအကျသိရအောင် အတည်ပြုနေတုန်းပါ။ သတင်းထုတ်ပြန်ဖို့ ရှိပါတယ်။ မဟာမိတ်ရဲဘော်တွေနဲ့ အရပ်သားထိခိုက်တာကတော့ မရှိပါဘူး” ဟု ၎င်းက ပြောဆိုသည်။

ဧပြီလ ၂၀ရက်ကဖြစ်ခဲ့သည့် မင်းသားရွာတိုက်ပွဲပြီးနောက် ဆင်စွယ်ရွာတွင် စစ်ကောင်စီ ကြည်းတပ်၊ ရေတပ်နှင့် ပျူစောထီးများ စုစုပေါင်း အင်အား ၆၀ခန့်ဖြင့် တပ်စွဲနေထိုင်နေသည့်အပြင် လက်နက်ကြီးပစ်ကူရန် ရေတပ်သင်္ဘော ကလည်း ဟိန္ဇဲချောင်းဝ ပင်လယ်ပြင်တွင် နေရာယူထားကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

ဇွန်လ ၂ ရက်နောက်ပိုင်းတွင် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခြင်းမရှိသော်လည်း ဇွန်လ ၃ ရက်ညပိုင်းအထိ လက်နက်ကြီး ပစ်ခတ်သံများ ရံဖန်ရံခါ ကြားနေရသဖြင့် ကျေးရွာအတွင်းပြန်နေထိုင်နေသည့် ရွာသားအချို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။

“ရွာထဲပြန်နေတဲ့သူတွေအကုန်ပြန်ထွက်ပြေးလာရတယ်။ အခြေအနေအေးပြီထင်ပြီး ပြန်ဝင်နေတာ ထပ်ဖြစ်တော့ ပြန်ပြေးရတယ်။ အခုထိ ပြန်ဝင်မရသေးဘူး။ ပြေးနေရှောင်နေရတာကလည်း တစ်လကျော်လာပြီဆိုတော့ စားရေးသောက်ရေး အရမ်းခက်လာပြီ” ဟု နတ်ကြီးစင်ရွာက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ဧပြီလတတိယအပတ်မှ ယခု ဇွန်လဆန်းအထိ ရေဖြူမြို့နယ် မင်းသားအုပ်စုတွင် တိုက်ပွဲလေးကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး မင်းသားအုပ်စု ပတ်ဝန်းကျင်ရှိ ကျေးရွာငါးရွာထက်မနည်းမှ ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။