တောင်ကိုရီးယားနိုင်ငံတွင် ဇွန်လ ၃ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အတိုက်အခံ ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း အီဂျေးမြန်က အနိုင်ရရှိခဲ့သည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် သမ္မတဟောင်း ယွန်းဆွတ်ယိုးလ်၏ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာမှုနှင့်အတူ နိုင်ငံရေးမတည်ငြိမ်မှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် ၆ လအကြာတွင် အသက် ၆၁ နှစ်အရွယ် လူ့အခွင့်အရေးရှေ့နေဟောင်း အီဂျေးမြန်က တောင်ကိုရီးယားသမ္မတသစ်အဖြစ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
အီဂျေးမြန်၏ ရွေးကောက်ပွဲအနိုင်ရမှုသည် အာရှ၏ စတုတ္ထမြောက်စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်သည့် တောင်ကိုရီးယားတွင် ကြီးမားသော နိုင်ငံရေးအပြောင်းအလဲများ ဖော်ဆောင်လာနိုင်ရန် မျှော်လင့်ခံထားရသည်။
အင်္ဂါနေ့ ရွေးကောက်ပွဲတွင် အီဂျေးမြန်သည် မဲအရေအတွက် ၃၅ သန်းနီးပါးရရှိခဲ့ပြီး မဲအားလုံး၏ ၄၉ ဒသမ ၄၂ ရာခိုင်နှုန်း ရရှိခဲ့သည်။ ၎င်း၏ အဓိကပြိုင်ဘက်ဖြစ်သူ ပြည်သူ့အာဏာပါတီမှ သမ္မတလောင်း ကင်မွန်းဆူးက မဲအားလုံး၏ ၄၁ ဒသမ ၁၅ ရာခိုင်နှုန်းကို ရရှိခဲ့သည်။
ကင်မွန်းဆူးက ၎င်း၏ ရွေးကောက်ပွဲ အရှုံးရလဒ်ကို လက်ခံအသိအမှတ်ပြုခဲ့ပြီး သမ္မတသစ်အီဂျေးမြန်အား ဂုဏ်ပြုကြောင်း စကားလုံးအနည်းငယ်ဖြင့် ဖော်ပြခဲ့သည်။
အင်္ဂါနေ့က ရွေးကောက်ပွဲသည် ၁၉၉၇ ခုနှစ်နောက်ပိုင်း မဲပေးသူအများဆုံး ရွေးကောက်ပွဲ ဖြစ်ကြောင်း တောင်ကိုရီးယား အမျိုးသားရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ယခုနှစ် ဧပြီလတွင် ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် သမ္မတဟောင်း ယွန်းဆွတ်ယိုးလ်သည် ၂၀၂၂ ရွေးကောက်ပွဲတွင် အီဂျေးမြန်အား မဲကွာဟချက်အနည်းငယ်ဖြင့် အနိုင်ရခဲ့သည်။
အင်္ဂါနေ့ ရွေးကောက်ပွဲသည် သမ္မတဟောင်းယွန်းဆွတ်ယိုးလ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနှင့် အဆိုပါအမိန့်ကို ဟန့်တားရန် ပြည်သူ့အာဏာပါတီ၏ ပျက်ကွက်မှုကို တရားစီရင်သောနေ့ ဖြစ်သည်ဟု အီဂျေးမြန်က ဆိုသည်။
လွှတ်တော်အပြင်တွင် ပြောကြားခဲ့သည့် ၎င်း၏ ရွေးကောက်ပွဲအောင်နိုင်ခြင်းမိန့်ခွန်းတွင် အီဂျေးမြန်က “ကျွန်တော့်ရဲ့ ပထမဆုံးပန်းတိုင်ကတော့ နိုင်ငံတော်ပုန်ကန်မှုကို ပြတ်ပြတ်သားသား နှိမ်နှင်းဖို့နဲ့ သေနတ်တွေ၊ ဓားတွေကို လူထုဘက် လှည့်လိုက်တဲ့ နောက်ထပ်စစ်အာဏာသိမ်းမှု ထပ်မရှိလာစေရေးပဲ ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
“ဒီယာယီအခက်အခဲကို ကျွန်တော်တို့ ပြည်သူလူထုရဲ့ စုပေါင်းအားနဲ့ ကျွန်တော်တို့ ကျော်လွှားနိုင်ပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုမှာ ကြီးမားတဲ့ လုပ်နိုင်စွမ်းတွေ ရှိတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ယနေ့ ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းတွင် တောင်ကိုရီးယားရွေးကောက်ပွဲကော်မရှင်က
အီဂျေးမြန်အား သမ္မတအဖြစ် အတည်ပြုကြေညာလိုက်ပြီး သမ္မတအာဏာနှင့် စစ်သေနာပတိချုပ်အာဏာကိုပါ လွှဲပြောင်းအပ်နှင်းခံလိုက်ရသည်။
၎င်း၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကိုလည်း ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် လွှတ်တော်၌ ပြုလုပ်သွားမည်ဟု တောင်ကိုရီးယားအစိုးရအရာရှိတစ်ဦးက ဆိုသည်။
တောင်ကိုရီးယားစီးပွားရေး ပြန်ရှင်သန်အားကောင်းလာအောင် ဆောင်ရွက်မည်ဟု အီဂျေးမြန်က ကတိပြုထားသည်။
အဏုမြူလက်နက်ပိုင်ဆိုင်ထားသည့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးအဆင်ပြေရန် သံတမန်ရေးနည်းလမ်းရော အင်အားနည်းလမ်းကိုပါ အသုံးပြုသွားမည်ဟု ၎င်းက ဆိုသည်။
စစ်အုပ်ချုပ်ရေးအမိန့်ကြေညာမှုကို လမ်းပေါ်ထွက်ကန့်ကွက်ဆန္ဒပြခဲ့သည့် အသက် ၁၈ နှစ် အရွယ် တက္ကသိုလ်ကျောင်းသူတစ်ဦးက ယခုနှစ် ရွေးကောက်ပွဲဝင် သမ္မတလောင်းအားလုံးတွင် အမျိုးသမီးနှင့် လူနည်းစုများအတွက် မူဝါဒများ မရှိဟု ဝေဖန်ခဲ့သည်။
Source: Reuters