ထားဝယ်မြိုနယ်၊ အညာဖျားရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားအမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
ယနေ့၊ နေ့လယ် ၁၂ နာရီခန့်တွင် အညာဖျားရွာကို ဗုံးတစ်လုံးကြဲချတိုက်ခိုက်ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သည်ဟု ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
“တိုက်ပွဲမဖြစ်ဘူး၊ ဗုံးလာကြဲတာ နေ့လယ် ၁၂ နာရီလောက်မှာလာကြဲတယ်၊ ရွာထဲကိုကျတယ်လို့ပဲပြောတယ်၊ မိန်းမကြီးတစ်ယောက်ထိတယ် လက်တစ်ဖက်ပြတ်တယ်လို့ ပြောတယ်” ဟု အညာဖျားကျေးရွာအုပ်စုက လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။
အသက် ၄၀ ကျော်အရွယ် ဒေါ်သန်းအေး ဗုံးစထိမှန်ပြီး လက်တစ်ဖက်ပြတ်သွားသည်ဟု အရှေ့တောအခြေစိုက် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကလည်း ပြောဆိုသည်။
“လေယာဉ်အမျိုးအစားတော့ မသိသေးဘူး၊ ဒဏ်ရာရတဲ့အမျိုးသမီးကို ထားဝယ်ဆေးရုံကြီးကိုပို့လိုက်ပြီ” ဟု ၎င်းကပြောသည်။
ဧပြီလ ၂၃ ရက် မွန်းလွဲ ၁ နာရီကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျောက်မဲတောင်စခန်းအနီးက တောင်သုံးလုံးရွာထဲကို K8W တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၃၀ ကျော်အရွယ် ကိုအီစာသေဆုံးခဲ့သည်။
ထားဝယ်အရှေ့တောနှင့် အညာဖျားကျေးရွာအုပ်စုဘက်ကို စစ်ကောင်စီတပ်စစ်ကြောင်း ထိုးနေပြီး မေလ ၂ ရက် ညနေ ၃ နာရီခွဲတွင် ရမ္မဇူရွာမှခွဲထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ သရက်ငုတ်ရွာတွင် ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့သည်။
ယင်းပစ်ခတ်မှုတွင် က္လားသစ္ဏတ်တပ်ဖွဲ့ တာဝန်ခံ ကိုအောင်အောင် သေဆုံးပြီး သေနတ်နှစ်လက်နှင့် ကားတစ်စီးကိုပါ စစ်ကောင်စီတပ်က သိမ်းဆည်သွားသည်ဟု စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
ကင်းပုန်းဝပ်နေသည့် PDF တပ်ဖွဲ့ဝင်များကို ထမင်းထုတ်ပို့ရန် Vigo ကားဖြင့်ထွက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးစီးလာသည့်ကားကို သရက်ငုတ်ရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကိုအောင်အောင်သေဆုံးကာ ရဲဘော်သုံးဦးဒဏ်ရာရခဲ့သည်ဟု ၎င်းတို့ကဆိုသည်။
ထိုင်း-မြန်မာ ထီးခီးနယ်စပ်အနီးက ထီးထစခန်းသိမ်းခံရပြီးနောက် ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီက ဧပြီလ ၂၆ ရက်ခန့်ကစပြီး အင်အားနှစ်ရာကျော်ဖြင့် စစ်ကြောင်းသုံးကြောင်း ဖြန့်ကျက်ထိုးနေခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုနှင့် နှစ်ဖက်တိုက်ပွဲကြောင့် အညာဖျားကျေးရွာအုပ်စုအပါအဝင် ကျေးရွာတစ်ဆယ်ကျော်က ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံက သိရသည်။