BREAKING
May 4, 2025

အနောက်မော်တုန်းရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးသီးချ

May 4, 2025

တနင်္သာရီမြို့နယ် အနောက်မော်တုန်းရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

မတ်လ ၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီ၏ မော်တုန်းရွာအခြေစိုက် အမှတ် ၃၀၆ အမြောက်တပ်ရင်းက ဒရုန်းပျံတက်လာပြီး ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ် ကြဲချသည့်ဗုံးများက အနောက်မော်တုန်းရွာရှိ စာသင်ကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ဆောင်အချို့ ထိခိုက်မှုရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“(ဗုံးသီး) ၄လုံးကို တစ်ပြိုင်တည်းလာချသွားတာ။ ဒရုန်းက ပန်ကာ ၆ရွက်နဲ့။ ပေါက်ကွဲမှုက ကြမ်းတယ်။ လူထိခိုက်မှုတော့ မရှိခဲ့ဘူး” ဟု ၎င်းက ပြောသည်။

ဒရုန်းဖြင့်တိုက်ခိုက်ချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တနင်္သာရီမြို့နယ် အနောက်မော်တုန်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိပြီး လူထိခိုက်မှုများလည်း ရှိခဲ့သည်။

မတ်လ ၁၀ ရက်နေ့ကလည်း အနောက်မော်တုန်းရွာက စစ်ဘေးရှောင်များရှိသည့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သလို ဒရုန်းဖြင့်လည်း ဗုံးချတိုက်ခိုက်ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း စစ်ကောင်စီ၏ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုကြောင့်အသက် ခြောက်နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးသည်။