BREAKING
May 4, 2025

ရေဖြူ စိန်ဘုံရွာအဝင်တွင် ကားတစ်စီးပစ်ခတ်ခံရ၊ PDFတစ်ဦးအပါ သုံးဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးအဖမ်းခံရ

May 4, 2025

ပုံစာ - စိန်ဘုံရွာအဝင်။

နှစ်ဖက်စစ်ရေးတင်းမာနေသည့် ရေဖြူမြို့နယ်၊ စိန်ဘုံရွာအဝင်တွင် ကားတစ်စီးကို စစ်ကောင်စီတပ်သားများက ဝိုင်းဝန်း ပစ်ခတ်ရာ ကားပေါ်လိုက်ပါလာသည့် PDF တစ်ဦးအပါအဝင် အမျိုးသားသုံးဦးသေဆုံးကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

နတ်ကြီးစင်ကျေးရွာအုပ်စု၊ စိန်ဘုံရွာအဝင်တွင် မေလ ၁ရက်က ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဘုရားသုံးဆူရွာသား ကိုလှမြင့် ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ခွဲ ၄ က ရဲဘော်တစ်ဦးနှင့် အမျိုးသားအခြားတစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ကိုလှမြင့်၏ ရုပ်အလောင်းကို မေလ ၁ ရက် ညနေပိုင်းတွင်ပင် ပစ်ခတ်ခံရသည့်နေရာ စိန်ဘုံရွာအဝင် ရထားလမ်းအနီးတွင် ပြန်လည်တွေ့ရှိ၍ သင်္ဂြိုဟ်ခဲ့ကြောင်း ရွာသားများက ဆိုသည်။

ကျန်နှစ်ဦး၏ ရုပ်အလောင်းကိုမူ ပြန်လည်မရရှိသော်လည်း စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် မေလ ၃ ရက်က ပျံ့နှံ့လာသော သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ၎င်းတို့နှစ်ဦး၏ ဓာတ်ပုံများအရ သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း ဒေါနတပ်ခွဲ ၄ တာဝန်ရှိသူကပြောဆိုသည်။

ယင်းအပြင် မေလ ၁ ရက်တွင် စိန်ဘုံရွာအနီး နတ်ကြီးစင်ကျေးရွာတွင် ပြောင်းရွှေ့နေထိုင်နေသည့် ကံပေါက်ရွာက အမျိုးသမီး တစ်ဦးကိုလည်း စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းက ဆိုသည်။

“ဖမ်းသွားတဲ့ အမျိုးသမီးတစ်ယောက်က မောရဝတီရေတပ်ထဲမှာ စစ်ဆေးခံနေရတယ်။ ကားပစ်ခံရတဲ့ဖြစ်စဥ်မှာက ကိုလှမြင့် အလောင်းတစ်လောင်းပဲ ပြန်ရတယ်။ ကားရော၊ နောက်ထပ်နှစ်ယောက်ရော ပြန်မရသေးဘူး။ ဒါပေမဲ့ တယ်လီဂရမ်ချန်တွေက ပုံတွေအရတော့ သေသွားပြီဆိုတာကို အတည်ပြုထားပြီးပါပြီ” ဟု ဒေါနတပ်ခွဲ ၄ တာဝန်ရှိသူက ပြောသည်။

ဧပြီလ တတိယအပတ်ကစ၍ မင်းသားအုပ်စုနှင့် နတ်ကြီးစင်အုပ်စုတို့တွင် စစ်ရေးတင်းမာနေကာ နတ်ကြီးစင်အုပ်စုရှိ ကျေးရွာငါးရွာထက်မနည်းကဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ဘေးရှောင်ရသည့် ကာလကြာမြင့်လာသလို စစ်ဘေးရှောင်နေသည့် ဦးရေလည်း တိုးလာသဖြင့် စားနပ်ရိက္ခာ နှင့် အရေးပေါ်ဆေးဝါး အခက်အခဲလည်း ကြုံနေရကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။