BREAKING
May 1, 2025

တနင်္သာရီ ဘန်းလမွတ်ရွာတွင် စစ်ကောင်စီတပ်လမ်းကင်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

April 4, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုတွင် လမ်းကင်းယူနေသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။

ဧပြီလ ၃ ရက်တွင် ဘန်းလမွတ်ကျေးရွာအုပ်စု ညောင်ပင်ကုန်းရွာတွင် အင်အား ၅၀ ဝန်းကျင်ဖြင့် လမ်းကင်းယူထားသည့် စစ်ကောင်စီတပ်သားများကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့က မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက် ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

မြိတ်ဘက်မှလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းနှင့် တနင်္သာရီဘက်မှ လာမည့် စစ်ကောင်စီယာဉ်တန်းအတွက် လမ်းကင်း လာယူထားသည့် စစ်ကောင်စီတပ်သားများဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“စကစဘက်က စစ်ရေးလှုပ်ရှားမှုတွေက ရှိနေလို့ ကျွန်တော်ဘက်ကလည်း နေ့တိုင်းလိုလို ကင်းထောက်လိုက် ဗုံးချတိုက်ခိုက်လိုက် လုပ်တယ်။ သူတို့ (စကစ) တွေကလည်း ပြည်ထောင်စုလမ်းပိုင်းတစ်လျှောက်စိုးမိုးနိုင်ဖို့ အမြဲကြိုးစားနေတယ်” ဟု ၎င်းက ပြောဆိုသည်။

ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများတွင် စစ်ကောင်စီသားများ ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးမချမီ စစ်ကောင်စီဘက်ကလည်း ယင်းနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် ဘန်းလမွတ်ရွာဒေသခံ အသက် ၅၀ ဝန်းကျင်အရွယ် ဦးမင်းဇော် ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီ၏ အမှတ် ၃၀၆ အမြောက်တပ်ရင်းက လွှတ်တင်လိုက်သည့်ဒရုန်းဖြင့် ဗုံးနှစ်လုံးချပြီးတိုက်ခိုက်မှုကြောင့် ဘန်းလမွတ် ကျေးရွာအုပ်စု အလယ်ပိုင်းရှိ အရပ်သားနေအိမ်ပေါ်ကိုကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“လက်နက်ကြီးလည်းပစ်၊ ဒရုန်းလည်းချတယ်။ ထိခိုက်သွားတဲ့ တစ်ယောက်တော့ ဦးခေါင်းပွန်းပဲ့ဒဏ်ရာရသွားတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်သည့်အပြင် အမြောက်တပ်နှင့် လမ်းကင်းယူထားသည့် စစ်ကောင်စီ တပ်သားများကလည်းလက်နက်ကြီးဖြင့် မိနစ် ၃၀ ခန့်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၅ရက်ကစပြီး ဘန်းလမွတ်ကျေးရွာအုပ်စု ပြည်ထောင်စုလမ်းတစ်လျှောက်ရှိကျေးရွာများတွင် လမ်းကင်းများချထားပြီး ဒေသခံများကိုလည်း မကြာခဏ ဖမ်းဆီးစစ်ဆေးနေသည်။