သီရိလင်္ကာနိုင်ငံ တောင်ပိုင်းကမ်းလွန်ပင်လယ်တွင် အီရန်စစ်သင်္ဘောတစ်စင်းကို အမေရိကန် ရေငုပ်သင်္ဘောက တိုက်ခိုက်နစ်မြှုပ်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆတ်က ယနေ့ မတ်လ ၄ ရက်တွင် ပြောကြားသည်။
IRIS Dena အမည်ရှိ အဆိုပါ အီရန်စစ်သင်္ဘောတွင် လူပေါင်း ၁၈၀ လိုက်ပါခဲ့ကြောင်း သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး ဗီဂျီသာ ဟီရတ်က နိုင်ငံ့လွှတ်တော်သို့ တင်ပြသည်။
အဆိုပါ အီရန်စစ်သင်္ဘောသည် ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၅ ရက်အထိ ဘင်္ဂလားပင်လယ်အော်တွင် ပြုလုပ်ခဲ့သည့် ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ဝက်ဆိုဘ်တစ်ခုက ဖော်ပြထားသည်။
ဖြစ်စဉ်ဖြစ်ပွားရာ ပင်လယ်ပြင်မှ ရုပ်အလောင်းအချို့ကို ဆယ်ယူရရှိခဲ့ကြောင်း သီရိလင်္ကာရေတပ် ပြောရေးဆိုခွင့်ရှိသူ ကွမ်မန်ဒါ ဘူဒီကာ ဆမ်ပက်သ်က ဆိုသည်။
လူပေါင်း ၃၂ ဦးကို သီရိလင်္ကာရေတပ်က ကယ်ဆယ်နိုင်ခဲ့ပြီး နိုင်ငံ့တောင်ပိုင်းရှိ ဂေါ်လီဆိပ်ကမ်းမြို့မှ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
အီရန်သင်္ဘောထံမှ အကူအညီတောင်းခံသည့် အချက်ပေးခေါ်ဆိုမှုကို သီရိလင်္ကာရေတပ်က လက်ခံရရှိခဲ့ပြီးနောက် သီရိလင်္ကာလေတပ်ကို အကြောင်းကြားခဲ့ကာ ရေတပ်နှင့် လေတပ် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း သီရိလင်္ကာရေတပ် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဖြစ်စဉ်နေရာသို့ ရောက်ရှိသွားသော သီရိလင်္ကာကယ်ဆယ်ရေး ရေယာဉ်များသည် အဆိုပါ အီရန်စစ်သင်္ဘောကို မတွေ့ရှိခဲ့ရဘဲ ရေနံဆီယိုစိမ့်မှုများကိုသာ တွေ့ရှိခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။
အဆိုပါဖြစ်စဉ်မှာ သီရိလင်္ကာရေပိုင်နက်အလွန်တွင် ဖြစ်ပွားခဲ့သော်လည်း သီရိလင်္ကာအစိုးရအနေဖြင့် အကူအညီပေးရန် ကတိကဝတ်ပြုထားကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
သီရိလင်္ကာတပ်ဖွဲ့များသည် အီရန်သင်္ဘောပေါ်မှ အသက်ရှင်ကျန်သူများကို ကယ်တင်ရေးကိုသာ အဓိကထား ဆောင်ရွက်နေပြီး ဖြစ်စဉ်ဖြစ်ပွားရသည့် အကြောင်းအရင်းကိုမူ နောက်ပိုင်းမှ စုံစမ်းသွားမည်ဖြစ်ကြောင်း အထက်ပါပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယင်းအပြင် ဖြစ်စဉ်ဖြစ်ပွားသည့်နေရာအနီးတွင် အခြားမည်သည့်သင်္ဘော သို့မဟုတ် လေယာဉ်ကိုမျှ မတွေ့ရှိခဲ့ရကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
Source: Reuters







