အီရန်နိုင်ငံတောင်ပိုင်း မီနပ်မြို့ရှိ မိန်းကလေးမူလတန်းကျောင်းတစ်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်အများစု အပါအဝင် လူ ၁၇၅ ဦးထက်မနည်း သေဆုံးကြောင်း အီရန်အစိုးရပိုင် မီဒီယာက ဖော်ပြသည်။
ယင်းဖြစ်စဉ်မှာ လက်ရှိဖြစ်ပွားနေသော အီရန်စစ်ပွဲတွင် အမေရိကန်နှင့် အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသေအပျောက် အများဆုံးဖြစ်စဉ် ဖြစ်မည်ဟု ယူဆရကြောင်း The New York Times သတင်းတွင် ဖော်ပြသည်။
အဆိုပါ မိန်းကလေး မူလတန်းစာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်မှာ အမေရိကန်နှင့် အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်သည့် ဖေဖော်ဝါရီလ ၂၈ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကျောင်းဆောင်တစ်ဝက်နီးပါး ပျက်စီးသွားပြီး လူပေါင်း ၁၇၅ ဦးထက်မနည်း သေဆုံးခဲ့ရကာ သေဆုံးသူအများစုမှာ ကလေးသူငယ်များဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။
အဆိုပါ ကျောင်းကို တိုက်ခိုက်ရသည့် အကြောင်းရင်းနှင့် မည်သည့်တပ်ဖွဲ့က အဆိုပါ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။
အဆိုပါ ကျောင်းသည် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရသည့် အီရန်ရေတပ်အခြေစိုက်စခန်းတစ်ခုနှင့် နီးကပ်စွာ တည်ရှိသည်။
အီရန်နိုင်ငံရှိ မိန်းကလေးငယ်များ ကျောင်းတစ်ကျောင်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး ဖြစ်စဉ်အား ရှင်းလင်းတင်ပြရန် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မတ်လ ၃ ရက်တွင် တိုက်တွန်းလိုက်သည်။
သို့ရာတွင် တိုက်ခိုက်မှုအတွက် မည်သူက တာဝန်ရှိသည်ဟု ကုလသမဂ္ဂက ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အမေရိကန်တပ်ဖွဲ့များအနေဖြင့် စာသင်ကျောင်းတစ်ကျောင်းကို တမင်သက်သက် ပစ်မှတ်ထားတိုက်ခိုက်မည် မဟုတ်ကြောင်း တနင်္လာနေ့က ပြောဆိုထားသည်။
အစ္စရေးအစိုးရကလည်း အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်အတွက် ၎င်းတို့ စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ထားသည်။
Source: The New York Times ၊ Reuters







