ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီမြို့တွင် ဓာတ်ဆီပြတ်နေ၍ဟုဆိုကာ ဆိုင်ကြီးများ အရောင်းပိတ်

March 4, 2026

တနင်္သာရီမြို့သို့ နေ့စဉ်လာနေသည့် မြိတ်မှ ဆီဘောက်ဆာကားများ မလာသဖြင့် မြို့အတွင်းရှိ လောင်စာဆီအရောင်းဆိုင်ကြီးများ အရောင်းရပ်ထားကြောင်း ဓာတ်ဆီရောင်းနေသူများနှင့် ဒေသခံအချို့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၃ ရက်မှစကာ တနင်္သာရီမြို့တွင် ဓာတ်ဆီဆိုင်ကြီးများ၌ ဝယ်ယူ၍ မရတော့ကြောင်း တနင်္သာရီမြို့မှတစ်ဆင့် ဓာတ်ဆီဝယ်ရောင်းနေသည့် ညောင်ပင်ကွင်းရွာသားတစ်ဦးက ဆိုသည်။

“ဆီဘောက်ဆာတွေ မနေ့ကတည်းက မလာတော့ဘူးလို့ သိရတယ်။ အရင်က ရက်တိုင်းလိုလို လာတယ်။ ဈေးကြီးပေးပြီး ဝယ်လည်း မရတော့ဘူး။ ပြတ်သွားပြီလို့ ပြောတယ်” ဟု အထက်ပါ ရွာသားက ပြောသည်။

ဓာတ်ဆီများကို ရေသန့်ဘူးများဖြင့် လက်လီရောင်းနေသည့် ဆိုင်များတွင်သာ ဝယ်ရတော့ကြောင်းနှင့် ဆီဈေးမှာ တစ်ရက်ခြား ဈေးတက်နေကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

ဓာတ်ဆီတစ်ဘူး (ရေသန့်ဘူး) ကို ကျပ် ၃၀၀၀ ဝန်းကျင်မှ ယနေ့တွင် ကျပ် ၄၀၀၀ ကျော်ဝန်းကျင် ရှိပြီး ရောင်းချသည့် ဆိုင်ပေါ်မူတည်၍ ဈေးနှုန်းကွဲလွဲကြောင်း ၎င်းက ဆိုသည်။

“အချို့ဆိုင်တွေက ဆီရှိလည်း မရောင်းပေးတော့ဘူး။ ပိတ်ထားတဲ့ ဆိုင်တွေလည်း ပိတ်ထားပြီ။ ဝယ်လို့ရတဲ့ ဆိုင်တော့ နည်းနည်းရှိသေးတယ်။ ဘူး (ရေသန့်ဘူး) နဲ့လောက်ပဲ ရောင်းတယ်” ဟု အထက်ပါ မြို့ခံက ပြောသည်။

ဓာတ်ဆီများကို တနင်္သာရီမြို့တွင် ဝယ်ယူ၍ မရတော့သဖြင့် ၎င်းမြို့မှတစ်ဆင့် ဝယ်ယူ၍ ပြန်ရောင်းချနေသည့် ရွာဆိုင်များတွင် ဓာတ်ဆီပြတ်လပ်လာနိုင်ကြောင်း ဒေသခံများက ဆိုသည်။

အီရန်စစ်ကြောင့် လောင်စာဆီအခက်အခဲများ ကမ္ဘာနိုင်ငံများတွင် ကြုံတွေ့နေရပြီး မြန်မာနိုင်ငံတွင် လောင်စာဆီ စျေးမြင့်တက်ခြင်း၊ ဒေသအချို့တွင် ဝယ်မရတော့ခြင်းများ ကြုံတွေ့နေရသည်။