အီရန်နိုင်ငံအား ၎င်းတို့၏ တိုက်ခိုက်မှုကို အပြည့်အဝ ထောက်ခံခြင်း မရှိသည့်အတွက် ဗြိတိန်နှင့် စပိန်နိုင်ငံတို့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၃ ရက်နေ့တွင် ပြင်းပြင်းထန်ထန် အပြစ်တင်ပြောဆိုလိုက်သည်။
စပိန်နှင့် ကုန်သွယ်မှုအားလုံးကို ရပ်ဆိုင်းပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။
ဗြိတိန်နှင့် ပတ်သက်၍ ၎င်းအနေဖြင့် စိတ်မကျေနပ်ကြောင်း ထရမ့်က ပြောဆိုခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာနှင့် ပတ်သက်၍ “ကျွန်တော်တို့ ဆက်ဆံနေရတဲ့သူက ဝင်စတန်ချာချီတော့ မဟုတ်ဘူး” ဟု ထပ်လောင်းပြောဆိုခဲ့သည်။
ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်နှင့် အီရတ်၊ အာဖဂန်နစ္စတန် စစ်ပွဲများတစ်လျှောက် အမေရိကန်၏ ခိုင်မာသော မဟာမိတ်ဖြစ်ခဲ့သည့် ဗြိတိန်နိုင်ငံသည် ပြီးခဲ့သည့် စနေနေ့တွင် ထရမ့်နှင့် အစ္စရေးတို့ ပူးပေါင်း၍ အီရန်အပေါ် စတင်တိုက်ခိုက်ခဲ့သော ထိုးစစ်တွင် ပါဝင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။
အမေရိကန် တိုက်လေယာဉ်များသည် ဗြိတိန်လေတပ်စခန်းနှစ်ခုကို အကန့်အသတ်ဖြင့် တိတိကျကျ သတ်မှတ်ထားသည့် ခုခံကာကွယ်ရေး ရည်ရွယ်ချက်များအတွက်သာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် စတာမာက ပြောကြားခဲ့သည်။
အဆိုပါ လေတပ်စခန်းနှစ်ခုအနက် အင်္ဂလန်အနောက်ပိုင်းရှိ ဂလော်စတာရှိုင်းယားဒေသတွင် တစ်ခုရှိပြီး ကျန်တစ်ခုမှာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ဗြိတိန်-အမေရိကန် ပူးတွဲစခန်းဖြစ်သည့် ဒီးဂိုဂါစီယာစခန်းတို့ ဖြစ်သည်။
ဆိုက်ပရပ်စ်ကျွန်းရှိ ဗြိတိန်လေတပ်စခန်းများကို အသုံးပြုရန် အမေရိကန်ကို ခွင့်ပြုချက် ပေးထားခြင်းမရှိကြောင်း စတာမာက ပြောကြားခဲ့သည်။
အဆိုပါ ဗြိတိန်လေတပ်စခန်းများအနက်မှ တစ်ခုမှာ မကြာသေးမီ ရက်ပိုင်းအတွင်း အီရန်ထုတ် ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။
လက်ဝဲယိမ်း စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်၏ အစိုးရက အမေရိကန်တပ်ဖွဲ့များ နှစ်ရှည်လများ အသုံးပြုနေသည့် စစ်အခြေစိုက်စခန်းများမှတစ်ဆင့် အီရန်ကို တိုက်ခိုက်ခွင့်မပြုခဲ့သည့်အပေါ် ထရမ့်က မကျေမနပ် ဝေဖန်ပြောဆိုခဲ့သည်။
“စပိန်ကတော့ အင်မတန်ဆိုးရွားပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်အား စပိန်နှင့် ဆက်ဆံရေး အားလုံးဖြတ်တောက်ရန် ညွှန်ကြားထား ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။
“ကျွန်တော်တို့ စပိန်နဲ့ ကုန်သွယ်မှုအားလုံးကို ရပ်ဆိုင်းပစ်တော့မယ်။ ကျွန်တော်တို့ စပိန်နဲ့ ဘာမှမပတ်သက်ချင်တော့ဘူး” ဟု ထရမ့်က ပြောဆိုခဲ့သည်။
နေတိုးမဟာမိတ်နိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ကတိကဝတ်ပြုမှုကို စပိန်ဝန်ကြီးချုပ် ဆန်းချက်ဇ်က လူသိရှင်ကြား ငြင်းပယ်ခဲ့မှုကိုလည်း ထရမ့်က အပြစ်တင်ဝေဖန်ခဲ့သည်။
Source: AFP







