ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေးနှင့် သံဖြူဇရပ်တွင် ရဲစခန်း၊ စစ်အာဏာရှင်တပ်စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ငါးကြိမ်တိုက်ခိုက်

March 4, 2026

ပုံစာ - ထင်းရှူးရဲစခန်းအား ဝေဟင်မှမြင်ရစဥ်။ ဓာတ်ပုံ – KBDF Drone တပ်ဖွဲ့

မွန်ပြည်နယ် ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ရဲစခန်းနှင့် စစ်အာဏာရှင်တပ်စစ်ကြောင်းတို့ကို မွန်-တနင်္သာရီ ညီနောင် ဒရုန်းတပ်ပေါင်းစုက ဖေဖော်ဝါရီလနှောင်းပိုင်းနှင့် မတ်လဆန်းတွင် ငါးကြိမ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ တပ်ပေါင်းစုထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၁ရက် ညပိုင်းတွင် ရေးမြို့နယ်၊ အနင်းရွာရှိ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး ယင်းနောက် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းကိုလည်း ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် နှစ်ရက်ဆက်တိုက် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

အဆိုပါ သုံးရက်တိုက်ခိုက်မှုတွင် စစ်အာဏာရှင်တပ်ဘက်က ငါးဦးထက်မနည်း ဒဏ်ရာရကြောင်း မွန်-တနင်္သာရီ ညီနောင် ဒရုန်းတပ်ပေါင်းစုထံမှ သိရသည်။

ယင်းနောက် ဖေဖော်ဝါရီလ ၂၈ရက်နှင့် မတ်လ ၁ ရက်တို့တွင် ရေးမြို့နယ်၊ အောင်သပြေရွာအနီး စစ်အာဏာရှင်တပ် စစ်ကြောင်း ယာယီစခန်းချနေသည့် နေရာနှင့် သံဖြူဇရပ်မြို့နယ်ရှိ ထင်းရှူးရွာရှိ ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ ကြောင်း တပ်ပေါင်းစုက ရုပ်သံမှတ်တမ်းနှင့်တကွ သတင်းထုတ်ပြန်ထားသည်။

သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာ ရဲစခန်းအား ဒရုန်း တိုက်ခိုက်မှုတွင် စစ်အာဏာရှင်တပ်ဘက်က သုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါတိုက်ခိုက်မှုများဖြစ်ပွားစဉ် စစ်အာဏာရှင်တပ်ဘက်က ပြန်လည်ပစ်ခတ်မှုအချို့ရှိသော်လည်း တပ်ပေါင်းစု ဘက်က ထိခိုက်မှုမရှိခဲ့ကြောင်း ယင်းတပ်ပေါင်းစု၏ တာဝန်ရှိသူ ရဲဘော်ပါပီလွန်က ပြောသည်။

“ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်ကြားမှာ စကစကလည်း ပြည်ထောင်စုလမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ ထိုးစစ်တွေ ဆက်တိုက် ဆင်နေပြီး ကျွန်တော်တို့ရဲဘော်တွေနဲ့ ထိတွေ့တိုက်ပွဲပြင်းထန်နေပါတယ်” ဟု ၎င်းက ပြောဆိုသည်။

မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (KBDF) (အမှတ်- ၈၀၀၂ တပ်ရင်း)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ ကာကွယ်ရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရေးပြောက်ကျားတပ်ရင်း (YGF) (အမှတ်- ၈၀၀၁ တပ်ရင်း) က ဒရုန်းတပ်ဖွဲ့များ ပါဝင်သည်။

ယင်းတပ်ပေါင်းစုသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကစ၍ မွန် ၊ ကရင် ၊ တနင်္သာရီ ဒေသများတွင် ဒရုန်းစစ်ဆင်ရေးများကို စတင်ဖော်ဆောင်ခဲ့သည်။