ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မဲဆောက်တွင် မြန်မာဘက်က ဆီလာဖြည့်သူ များနေဟု ထိုင်းသတင်းဌာနများဖော်ပြ

March 4, 2026

ပုံစာ - မတ်လ ၃ ရက်နေ့က မဲဆောက်ဘက်တွင် မြန်မာကားများ ဆီလာဖြည့်စဉ်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြဝတီဘက်ခြမ်းမှ နယ်စပ်ဖြတ်ကျော်ပြီး ဆီလာတန်းစီဖြည့်သော ကားများဖြင့် ပြည့်ကျပ်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြနေကြသည်။

အမေရိကန်အပါအဝင် အစ္စရေး-အီရန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် တင်းမာနေချိန် စက်သုံးဆီဈေးနှုန်း တက်လာမည်ကို စိုးရိမ်၍ မြဝတီဘက်ခြမ်းက မြန်မာနိုင်ငံသားများ မဲဆောက်ဘက်သို့ ကူး၍ ဆီဖြည့်သူ ပိုများလာနေခြင်းဖြစ်သည်။

မတ်လ ၃ ရက်နေ့မှစ၍ မြဝတီဘက်ခြမ်းမှ မဲဆောက်ဘက်ကူးပြီး ဆီလာဖြည့်သူ များနေသဖြင့် မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားပေါ်တွင် ကားများထောင်ချီ ပိတ်နေသလို မဲဆောက်မြို့အတွင်းရှိ ဆီဆိုင်များတွင်လည်း မြန်မာကားများ တန်းစီနေကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။

အထူးသဖြင့် မြန်မာဘက်က အိမ်စီးကားနှင့် ဗန်ကားများသည် မဲဆောက်မြို့ရှိ ဆီဆိုင်များတွင် တစ်နေကုန် တန်းစီဆီဖြည့်နေကြသဖြင့် ကားပိတ်မှုများပါ ကြုံတွေ့နေရဟုဆိုသည်။

မတ်လ ၂ ရက်နေ့မှစ၍ ပြည်တွင်းစက်သုံးဆီ ဖူလုံစေရန် ထိုင်းနိုင်ငံက ပြည်ပတင်ပို့မှု ရပ်ဆိုင်းထားသလို အွန်လိုင်းရာဇဝတ်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် ထိုင်းနိုင်ငံဘက်မှ မြဝတီဘက်သို့ စက်သုံးဆီတင်ပို့ခွင့် ကန့်သတ်ထားသည်။

သို့သော်လည်း မြန်မာပြည်သူများကို ကားဖြင့် နယ်စပ်ဖြတ်ကျော်ပြီး ဆီဝယ်ယူခွင့်ကို မကန့်သတ်ထားသဖြင့် ယနေ့နံနက်ပိုင်းတွင်လည်း မဲဆောက်ဆီဆိုင်များတွင် ဆီတန်းစီဝယ်ယူသူ ပိုများလာခြင်းဖြစ်ကြောင်း သတင်းတွင်ပါရှိသည်။

ထို့ကြောင့် မဲဆောက်မြို့အတွင်းရှိ အချို့ဆီဆိုင်များတွင် ကားတစ်စီးလျှင် ဘတ် ၅၀၀ ဖို့သာ ဝယ်ယူခွင့်ပြုခဲ့ပြီး အချို့ဆိုင်များတွင် ဆီပြတ်လတ်မှုများပါ ကြုံတွေ့ခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။

မတ်လ ၃ ရက်နေ့က Shell ကုမ္ပဏီနှင့် Caltex ကုမ္ပဏီ၏ စက်သုံးဆီဆိုင်များတွင် ဆီဈေးတစ်ချို့ မြှင့်လိုက်သော်လည်း ထိုင်းအစိုးရက ၁၅ ရက်ကြာ ဆီဈေးကို တစ်သတ်မှတ်တည်း သတ်မှတ်ရန် ညွှန်ကြားလိုက်ကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံထဲတွင် လောင်စာဆီ ၇ ဒသမ ၆၆ ဘီလီယံလီတာအထိ သိုလှောင်ထားပြီးဖြစ်သဖြင့် ယင်းပမာဏက နှစ်လတာ (ရက် ၆၀) အထိ ဖူလုံမည်ဖြစ်ပြီး နောက်ထပ် ဆီတင်သွင်းနိုင်မည့် နည်းလမ်းများကို စီစဉ်နေဆဲဖြစ်ကြောင်း ထိုင်းအစိုးရကဆိုသည်။

Ref: The Nation Thailand, Bangkok Post