ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ ပုဂေါဇွန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေး တပ်ဖွဲ့တစ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီးနောက် စစ်အာဏာရှင်တပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများက ပြောသည်။
ပုဂေါဇွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၃ရက် နံနက်ပိုင်းတွင် ဗုံးချတိုက်ခိုက်ကြောင်း ၎င်းတို့က ဆိုသည်။
ယင်းနောက် စစ်အာဏာရှင်တပ်က ရလိုင်နှင့် သစ်တိုထောင့်ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းထိုးကာ မွန်းလွဲပိုင်းမှ စပြီး ယနေ့ ဖေဖော်ဝါရီလ ၄ရက် နံနက်အထိ နေအိမ်များကို ဆက်တိုက်မီးရှို့ကြောင်း ဒေသခံများက ပြောဆိုသည်။
နှစ်ရက်ဆက်တိုက် မီးရှို့နေသောကြောင့် ရလိုင်ကျေးရွာရှိ နေရာ ငါးနေရာတွင် မီးလောင်နေသည်ကို ဖေဖော်ဝါရီလ ၃ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ရပြီး နေအိမ် ၃၀ ထက်မနည်း မီးလောင်ပျက်စီးနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ ဖေဖော်ဝါရီ ၄ ရက် နံနက် ၈ နာရီခန့်တွင် ယင်းစစ်ကြောင်းမှာ သစ်တိုထောင့်ကျေးရွာဘက်သို့ ဆက်လက် ထွက်ခွာလာခဲ့ပြီးနောက် ရွာလယ် လမ်းဆုံရှိ နေအိမ် နှစ်ဆောင်ထက်မနည်းကို မီးရှို့သွားကြောင်း ဒေသခံများက ဆိုသည်။
ယင်းအပြင် စစ်အာဏာရှင်တပ်သည် ယနေ့ နံနက်ပိုင်းမှစပြီး သစ်တိုထောင့်ကျေးရွာအတွင်း ကျန်ရစ်ခဲ့သည့် အသက်ကြီပိုင်း အမျိုးသားများနှင့် အမျိုးသမီးအချို့ကိုလည်း ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။
စစ်အာဏာရှင်တပ် မီးရှို့ ဖျက်ဆီးမှုကြောင့် အထက်ပါကျေးရွာ နှစ်ရွာတွင် မီးလောင်ပျက်စီးခဲ့သည် နေအိမ်အရေအတွက်နှင့် နောက်ဆက်တွဲအခြေအနေများကိုမူ Dawe Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဖေဖော်ဝါရီလ ၃ ရက်က ပုဂေါဇွန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို မည်သည့် တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်ကို တိတိကျကျ မသိရသေးပေ။
ဘုန်းကြီးကျောင်းဝင်းအတွင်း ရောက်ရှိနေသည့် ပုဂေါဇွန်းရွာသား ငါးဦးထက်မနည်း ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူသုံးဦးကိုမူ ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။
“ရွာမှာ အသုဘရှိတော့ မိန်းမကြီးတွေ၊ ယောကျ်ားကြီးတွေက ဘုန်းကြီးကျောင်းမှာ ထမင်းချက်၊ ဟင်းချက်လုပ်နေကြတယ်။ ငါးယောက်လောက် ထိသွားတာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်သည် ယနေ့ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းအထိ သစ်တိုထောင့်ဘုန်းကြီးကျောင်းနှင့် ကျေးရွာအတွင်း တပ်စွဲထားခြင်းကြောင့် သစ်တိုထောင့်၊ ရလိုင်၊ ပုဂေါဇွန်းစသည့် ကျေးရွာသုံးရွာမှ ဒေသခံများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။







