ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးသဖြင့် တမုတ်ချုံးရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်

February 4, 2026

တနင်္သာရီမြို့နယ်၊ ကမ်းမလိုင်းရွာ အခြေစိုက် စစ်အာဏာရှင်အမှတ် ၅၅၈ ခြေမြန်တပ်ရင်းက တပ်ဖွဲ့၀င်များ စစ်ကြောင်းထိုးလာသဖြင့် တမုတ်ချုံးရွာအနီးဝန်းကျင်တွင် တော်လှန်‌ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများ၊တော်လှန်‌ရေးတပ်နှင့်နီးစပ်သူအချို့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂ရက်နေ့နှင့် ၃ရက်နေ့တို့တွင် တမုတ်ချုံးရွာအနီးဝန်းကျင်၌ စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်‌ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“တိုက်ပွဲအတွင်း စစ်အာဏာရှင်စစ်ကြောင်းက လက်နက်ကြီးများ ပစ်ခတ်ပြီး စစ်ကြောင်း ထိုးလာတယ်။ တိုက်ပွဲအတွင်း စကစဘက်က ထိခိုက်မှုရှိတယ်” ဟု အထက်ပါ နီးစပ်သူက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးတပ်မှ ထိခိုက်မှုမရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူ အချို့က ပြောဆိုသည်။

စစ်အာဏာရှင်တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက် မသိရသေးကြောင်း ၎င်းတို့က ဆိုသည်။

တမုတ်ချုံးရွာအနီးတွင် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်စစ်ကြောင်းသည် လယ်တောင်ယာရွာရှိ ခြေတော်ရာတောင်သို့ ဦးတည်၍ စစ်ကြောင်းထိုးသွားကြောင်း ဒေသခံအချို့က ပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်အာဏာရှင်တပ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ်နေသောကြောင့် စိုးရိမ် ကြောက်လန့်သဖြင့် တမုတ်ချုံးရွာသားအချို့သည် ရွာမှ ပြောင်း‌ရွှေ့ နေကြကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတယ်။လက်နက်ကြီးထိမှာကို စိတ်မချရတဲ့ အိမ်တွေ၊ရွာသား အချို့တော့ ပြောင်းကုန်ပြီ။ ကျန်တဲ့သူတွေက အထိတ်တလန့်နဲ့ အသံကိုနားစွင့်ပြီး နေကြတယ်”ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်စစ်ကြောင်းသည် လယ်တောင်ယာရွာရှိ ခြေတော်ရာတောင်ကို စစ်ကြောင်း မထိုးသည်မှာ ၂နှစ်ခန့်ရှိပြီဖြစ်ပြီး ယခု ပထမဆုံးအကြိမ်စစ်ကြောင်းပြန်ထိုးသဖြင့် တိုက်ပွဲပြင်းထန်မည်နှင့် စစ်ကြောင်း ဆက်ထိုးလာမည်ကို စိုးရိမ်နေရကြောင်း အထက်ပါ ဒေသခံက ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၄ရက် နံနက်ပိုင်းတွင် စစ်အာဏာရှင်တပ်သားများသည် မြိတ်မြို့နှင့်တနင်္သာရီမြို့သွားသည့် ပြည်ထောင်စုလမ်းတစ်လျှောက်တွင် လမ်းကင်းများချထားကြောင်း တနင်္သာရီမြို့ခံတစ်ဦးက ပြောဆိုသည်။