ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်အရှေ့တောကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ၍ ရဟန်းတစ်ပါး ဒဏ်ရာရ

February 4, 2026

နှစ်ဖက်ထိတွေ့မှုဖြစ်ပွားနေသည့် ထားဝယ်အရှေ့တောကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ရဟန်းတစ်ပါး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံအချို့နှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၄) မနက် ၅ နာရီဝန်းကျင်တွင် ဟိန္ဒားကျေးရွာတောင်ထိပ်ရှိ စစ်အာဏာရှင်တပ်စခန်း နေရာဟောင်းတွင် တပ်စွဲထားသည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) လက်အောက်ခံတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကို စစ်အာဏာရှင်တပ်စစ်ကြောင်းက ဝင်ရောက်ပစ်ခတ်သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်ဟု ၎င်းတို့ကဆိုသည်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး နံနက် ၉ နာရီခန့်တွင် စကခ (၈) ဌာနချုပ်က ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် တိုက်ပွဲဖြစ်နေသည့် ဟိန္ဒားကျေးရွာဘက်ကို လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့သည်ဟု ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

နံနက် ၁၀ နာရီခန့်တွင် စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သလို စက်သေနတ်ဖြင့်ပါ လှည့်ပတ်ပစ်ခတ်ခဲ့သည်ဟု အရှေ့တောဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်နက်ကြီးတစ်လုံးမှာ ဟိန္ဒားရွာဘုန်းကြီးကျောင်းဝန်းထဲသို့ ကျရောက်ပေါက်ကွဲပြီး ရဟန်းတော်တစ်ပါး ဦးခေါင်းတွင် ရှပ်ထိဒဏ်ရာရရှိခဲ့သလို ဆွမ်းစားကျောင်းဆောင် အနည်းငယ် ထိခိုက်ပျက်စီးမှုရှိသည်ဟု ဟိန္ဒားရွာသားတစ်ဦးက ပြောသည်။

“ရဟန်းအစ်မပြောပြတာ လေယာဉ်ဗုံးလာကြဲတယ်၊ ကျောင်းဝန်းထဲမှာ မီးခိုးလုံးတွေ အူထွက်လာတာကို မြင်လိုက်တယ်လို့ပြောတယ်” ဟု ဆေးရုံပို့ဆောင်ရာတွင် ပါဝင်ကူညီပေးခဲ့သူ အထက်ပါအမျိုးသားက ပြောသည်။

အဆိုပါရဟန်းကို ထားဝယ်မြို့က ဆေးရုံတစ်ခုသို့ ပို့ဆောင်ထားသည်ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ကျောက်မဲတောင်စခန်းကို KNLA လက်အောက်ခံတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီး၊ ဒရုန်းဖြင့် သွားရောက်ပစ်ခတ်သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အင်အား ၁၀၀ ခန့်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် အရှေ့တောဒေသကို ပြောက်ကျားစစ်ကြောင်းထိုးနေပြီး ဇန်နဝါရီလ ၅ ရက်ကလည်း သင်္ကန်းတုံးရွာက ပြည်သူ့ကာကွယ်ရေးတပ်ဂိတ်တစ်ခုနှင့် ရေဝိုင်းရွာက ဧဒင်မှူး (ထားဝယ် ပကဖ) စခန်းငယ်အချို့ကို အလစ်ဝင်တိုက်ကာ မီးရှို့ဖျက်ဆီးခဲ့သည်။