ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အနိုင်ရရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို သိမ်းပိုက်ရန် ထရမ့်က ရီပတ်ဘလီကန်ပါတီကို တိုက်တွန်း

February 4, 2026

ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီ ရှုံးနိမ့်ခြင်းမှ ကာကွယ်ရန် ပြည်နယ် ၁၅ ခုရှိ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ရီပတ်ဘလီကန်ပါတီဝင် ပြည်နယ်အရာရှိများက သိမ်းပိုက်ရယူပြီး နိုင်ငံတော်ပိုင်လုပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြောဆိုလိုက်သည်။

ယင်းမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ မဲမပေးနိုင်စေရန် တားဆီးသည့် နည်းလမ်းတစ်ခုအနေဖြင့် ထရမ့်က ကွန်ဆာဗေးတစ်ယိမ်း ပေါ့ကတ် (Podcast) အစီအစဉ်တစ်ခုတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံသားမဟုတ်သူများက ရွေးကောက်ပွဲရလဒ်ကို ထိခိုက်စေနိုင်လောက်သည့် ပမာဏဖြင့် မဲပေးနေကြကြောင်း စွပ်စွဲပြောဆိုချက်မှာ မမှန်မကန် လုပ်ကြံပြောဆိုမှုသာ ဖြစ်ကြောင်း The Guardian သတင်းစာက ဖော်ပြသည်။

သို့သော် ယင်းလုပ်ကြံပြောဆိုချက်များသည် နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွင် ထရမ့်က မဲမသမာမှုပြုရန် ကြိုးပမ်းလာနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများကို မြင့်တက်လာစေကြောင်းလည်း ဖော်ပြသည်။

“တကယ်လို့ ရီပတ်ဘလင်ကန်တွေအနေနဲ့ သူတို့ကို မမောင်းထုတ်နိုင်ဘူးဆိုရင် ခင်ဗျားတို့တွေ ရီပတ်ဘလင်ကန်တစ်ယောက်အနေနဲ့ နောက်ထပ် ဘယ်တော့မှ ရွေးကောက်ပွဲနိုင်မှာ မဟုတ်ဘူး” ဟု ရွှေ့ပြောင်းနေထိုင်သူများနှင့် ပတ်သက်၍ ထရမ့်က ပြောဆိုခဲ့သည်။

ရွှေ့ပြောင်းနေထိုင်သူများသည် မဲပေးရန်အတွက် အမေရိကန်သို့ ခေါ်ဆောင်လာခြင်းခံရသူများ ဖြစ်ပြီး တရားမဝင် မဲပေးနေကြကြောင်း ထရမ့်က ဆိုသည်။ ယင်းကိစ္စကို ရီပတ်ဘလင်ကန်ပါတီဝင်များက ပိုမိုတင်းတင်းမာမာ ကိုင်တွယ်ခြင်းမပြုသည်မှာ အံ့အားသင့်စရာ ဖြစ်ကြောင်း ထရမ့်က ပြောသည်။

“ကျွန်တော်တို့အနေနဲ့ အနည်းဆုံး နေရာ ၁၅ ခုထက်မနည်းမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို သိမ်းပိုက်ရယူသင့်တယ်။ ရီပတ်ဘလင်ကန်တွေအနေနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နိုင်ငံတော်ပိုင် လုပ်သင့်တယ်” ဟု ထရမ့်က ပြောသည်။

“မဲတွေကို ရေတွက်နေတဲ့ ပြည်နယ်အချို့က တော်တော်လေး စည်းမဲ့ကမ်းမဲ့ မရိုးမသားဖြစ်နေတယ်။ တကယ်တမ်း ကျွန်တော် မဲအနိုင်ရခဲ့ပေမဲ့ ကျွန်တော်မနိုင်ဘူးလို့ မဲရလဒ်ပြတဲ့ ပြည်နယ်တွေ ရှိနေတယ်” ဟု ထရမ့်က ဆိုသည်။

Source: The Guardian