ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စပိန်တွင် ၁၆ နှစ်အောက် ကလေးများ ဆိုရှယ်မီဒီယာသုံးခွင့် ပိတ်မည်

February 4, 2026

အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ ဆိုရှယ်မီဒီယာသုံးစွဲခွင့် ပိတ်ပင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြောသည်။

ကလေးသူငယ်များအား ညစ်ညမ်းရုပ်ရှင်နှင့် အကြမ်းဖက်မှုကဲ့သို့သော ဘေးဥပဒ်ဖြစ်စေသည့် အကြောင်းအရာများမှ ကာကွယ်ရန်အတွက်ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ်က ဆိုသည်။

“ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေအနေနဲ့ အမှန်တကယ် ထိရောက်တဲ့ အသက်အရွယ် စိစစ်ရေးစနစ်တွေကို ကျင့်သုံးရပါလိမ့်မယ်။ အမှန်ခြစ်လေးတစ်ခု ခြစ်ရုံတင်မဟုတ်ဘဲ လက်တွေ့အလုပ်ဖြစ်မယ့် တားဆီးပိတ်ပင်မှုတွေ ဖြစ်ရပါမယ်” ဟု ၎င်းက ပြောသည်။

“ဒီကနေ့ခေတ်မှာ ကျွန်တော်တို့ရဲ့ ကလေးငယ်တွေဟာ သူတို့တစ်ယောက်တည်း မထိတွေ့သင့်တဲ့ နယ်ပယ်တစ်ခုနဲ့ ထိတွေ့နေရပါတယ်။ အဲဒါကတော့ စွဲလမ်းစေမှုတွေ၊ အလွဲသုံးစားလုပ်မှုတွေ၊ ညစ်ညမ်းရုပ်ရှင်တွေ၊ လှည့်ဖျားမှုတွေနဲ့ အကြမ်းဖက်မှုတွေ ပြည့်နှက်နေတဲ့ နယ်ပယ်တစ်ခုပါပဲ။ ဒါကို ကျွန်တော်တို့ ဆက်ပြီး လက်ခံမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

ဥပဒေနှင့် မညီသော၊ အမုန်းပွားစေသော ရုပ်သံဓာတ်ပုံမှတ်တမ်းနှင့် အကြောင်းအရာများကို ဆိုရှယ်မီဒီယာ ပလက်ဖောင်းများမှ ဖယ်ရှားရန် ပျက်ကွက်ပါက နည်းပညာကုမ္ပဏီကြီးများ၏ အမှုဆောင်အရာရှိချုပ်များအား အရေးယူရန် စပိန်ဥပဒေကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက အာမခံပြောဆိုသည်။

စပိန်ဝန်ကြီးချုပ်၏ ယင်းပြောကြားချက်အပေါ် X ဆိုရှယ်မီဒီယာ ပလက်ဖောင်းပိုင်ရှင် အီလွန်မတ်စ်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြသည်။

အီလွန်မတ်စ်က ၎င်း၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်း X ပေါ်တွင် စပိန်ဝန်ကြီးချုပ်အား ‘ညစ်ပတ်သည့် ဆန်းချက်ဇ်’ ဟု ခေါ်ဝေါ်ပြောဆိုသုံးနှုန်းခဲ့သည်။ စပိန်ဝန်ကြီးချုပ်သည် အာဏာရှင်တစ်ဦးဖြစ်ပြီး စပိန်ပြည်သူတွေအပေါ် သစ္စာဖောက်သူဟုလည်း အီလွန်မတ်စ်က စွပ်စွဲပြောဆိုခဲ့သည်။

အီလွန်မတ်စ်က ပါရီမြို့မှ ၎င်း၏ X ကုမ္ပဏီရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့သည့် ပြင်သစ်အာဏာပိုင်များကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ရာတွင် စပိန်ဝန်ကြီးချုပ်ကိုလည်း ယင်းသို့ ထည့်သွင်းစွပ်စွဲပြောဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးအရ ကြားဝင်စွက်ဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အတုအယောင်ပုံရိပ်ဖန်တီးမှု (Deepfakes) စွပ်စွဲချက်များနှင့် ပတ်သက်၍ X ကုမ္ပဏီ၏ ပါရီရုံးခန်းကို ပြင်သစ်အာဏာပိုင်များက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့သည်။

စပိန်ဝန်ကြီးချုပ် ဆန်းချက်ဇ်သည် အသက် ၁၆ နှစ်အောက် ကလေးသူငယ်များအတွက် ဆိုရှယ်မီဒီယာ သုံးစွဲခွင့် ပိတ်ပင်ရန်ကိစ္စကို ယမန်နှစ် နိုဝင်ဘာလကတည်းက စတင်မိတ်ဆက်ခဲ့သည်။

ဝန်ကြီးချုပ် ဆန်းချက်ဇ်၏ စပိန်ညွန့်ပေါင်းအစိုးရသည် လွှတ်တော်တွင် အမတ်ဦးရေအများစုကို အနိုင်ရထားခြင်းမရှိသည့်အတွက် ဥပဒေများ အတည်ပြုပြဋ္ဌာန်းရန် အခက်အခဲရှိကြောင်း AFP သတင်းတွင် ဖော်ပြသည်။

ယမန်နှစ် ဒီဇင်ဘာလတွင် ဩစတြေးလျနိုင်ငံသည် ဆယ်ကျော်သက်များ ဆိုရှယ်မီဒီယာသုံးစွဲခွင့် ပိတ်ပင်သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။

ပြင်သစ်နှင့် ပေါ်တူဂီအစိုးရတို့ကလည်း အလားတူလုပ်ဆောင်ရန် ကြိုးပမ်းလျက်ရှိပြီး စပိန်၊ ဒိန်းမတ်၊ ဂရိ၊ ပြင်သစ်နိုင်ငံများကလည်း ယင်းကြိုးပမ်းမှုတွင် ပါဝင်လာသည်။

Source: AFP