ပုလောမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပပြီးနောက် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးပြီး ငါးရက်အတွင်း နေအိမ် နှစ်ရာကျော်ကို မီးရှို့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ပုလောမြို့၏ ချောင်းတစ်ဖက်ကမ်းတွင် တည်ရှိသည့် ရှပ်ပုံရွာနှင့် ပုလောမြို့နယ် ပလမြို့တို့တွင် စစ်အာဏာရှင်တပ်က မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
ပုလောမြို့နယ်သည် ဇန်နဝါရီလ ၂၅ရက်က ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်သည်။
ရွေးကောက်ပွဲအပြီး နှစ်ရက်အကြာ ဇန်နဝါရီလ ၂၇ ရက်တွင် ပုလောမြို့နယ်၊ ပလမြို့ အမှတ် (၄) ရပ်ကွက် ဒေသအခေါ် ဆားဖိုဆိပ်ရပ်ကွက်ကို ထိတွေ့တိုက်ပွဲ တစ်စုံတစ်ရာမရှိဘဲ စစ်အာဏာရှင်တပ်က မီးရှို့ရာ နေအိမ် ၇၈ဆောင် လောင်ကျွမ်း ပျက်စီးကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
နောက်တစ်ရက် ဇန်နဝါရီလ ၂၈ ရက်တွင် ပလမြို့ အမှတ် (၁) နှင့် (၂) ရပ်ကွက်တို့ဖြစ်သည့် တိုရွာအနီး၌ နှစ်ဖက်ပစ်ခတ်မှု အချို့ဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်က တိုရွာကို မီးရှို့သဖြင့် နေအိမ် ၁၂၀ ကျော် မီးလောင်ကျွမ်း ပျက်စီးကြောင်း ၎င်းတို့က ပြောဆိုသည်။
ဇန်နဝါရီလ ၃၁ရက်တွင်လည်း ရှပ်ပုံရွာတွင် စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချခြင်း၊ နေအိမ်များကို မီးရှို့ခြင်းတို့ကြောင့် နေအိမ် ၄၀ခန့် ထပ်မံပျက်စီးကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ရှပ်ပုံရွာလယ်တွင် ရောက်ရှိနေသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ရွေးကောက်ပွဲအပြီးတွင် ပြန်လည်လှုပ်ရှားလာပြီး ရွာတွင် မီးရှို့ပြီးနောက်ပိုင်းတွင်လည်း တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နေရာသို့ စစ်ကြောင်းထိုးလာသဖြင့် ထိတွေ့တိုက်ပွဲ များဖြစ်နေကြောင်း မြိတ်ခရိုင်တပ်ရင်း၁၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“လက်ရှိ အချိန်ထိ ရှပ်ပုံရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်။ ရှပ်ပုံ ဝါးတန်းကနေ ရွာလယ်မှာ မီးစရှို့ပြီး ရေချိုဘက်ရှိတဲ့ နေရာကို တိုး (စကစ စစ်ကြောင်းထိုး) နေပါတယ်” ဟု ၎င်းက ပြောသည်။
ရှပ်ပုံရွာတွင် မီးသွားငြှိမ်းသည့် ဒေသခံများကိုလည်း စစ်အာဏာရှင်တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ကြောင်း ရှပ်ပုံရွာ ဒေသခံတစ်ဦးက ဆိုသည်။
“မီးပဲ ပတ်ရှို့နေတယ်။ မီးငြှိမ်းဖို့ ကြိုးစားတဲ့ ရွာသားတွေကို လက်နက်ငယ်နဲ့ ခြောက်လှန့်ပစ်ခတ်တယ်” ဟု ၎င်းက ပြောဆိုသည်။
စစ်အာဏာရှင် တပ်စစ်ကြောင်းထိုးလာသဖြင့် ပလမြို့ဝန်းကျင်တွင် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး နှစ်ဖက်စလုံး ထိခိုက်မှုရှိကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။
ပုလောမြို့အနီးဝန်းကျင် ပတ်ပတ်လည်၌ တည်ရှိသည့် ရှပ်ပုံအပါအဝင် ကျေးရွာ ငါးရွာရှိ စစ်အာဏာရှင်တပ်ဂိတ်များ၊ စစ်အာဏာရှင်တပ်ဖွဲ့များကို ရွေးကောက်ပွဲ ကျင်းပသည့် ဇန်နဝါရီလ ၂၅ ရက်တွင် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သည်။







