ယနေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ တွင် စစ်ကော်မရှင် ၏ လွတ်ငြိမ်းခွင့်ဖြင့် ထားဝယ်နှင့် မြိတ်အကျဥ်းထောင်တို့က အကျဥ်သား ၇၀နီးပါး လွတ်မြောက်လာကြောင်း လွတ်မြောက်လာသည့် ကာယကံရှင်များ နှင့် နီးစပ်သူများထံမှ သိရသည် ။
ထားဝယ်ထောင်က အကျဉ်းသား ၂၃ ဦး အကျဥ်းသူ ၇ ဦး စုစုပေါင်း ၃၀ ဦးလွတ်မြောက်လာကြောင်း လွတ်မြောက်လာသည့် ကာယကံရှင်များ နှင့် နီးစပ်သူများထံမှသိရသည် ။
ယင်းတို့အနက် နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူများ ပါဝင်လာခြင်းမရှိကြောင်း လွတ်မြောက်လာသည့် အကျဥ်းသူတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ မိသားစုဝင်တစ်ဦးက ပြောသည် ။
” စလွတ်မယ်ဆိုပြီး စာရင်းလာယူကတည်းက မူးယစ်ဆေးနဲ့ နိုင်ငံရေး မပါဘူးဆိုပြီး ပြောတယ် ။ ဒီနေ့လွတ်တဲ့ သုံးဆယ်ထဲမှာလည်း နိုင်ငံရေးအမှု မပါဘူ” ဟု အထက်ပါမိသားစုဝင်က ပြောဆိုသည် ။
မြိတ်အကျဉ်းထောင် တွင်လည်း အကျဥ်းသား ၃၂ ဦး နှင့် အကျဥ်းသူ ၆ ဦး စုစုပေါင်း ၃၈ ဦး လွတ်မြောက်လာကြောင်း စုံစမ်းသိရှိရသည် ။
အဆိုပါ ၃၈ ဦးတွင်လည်း နိုင်ငံရေး အကျဥ်းသားများ မပါဝင်ကြောင်း မြိတ်အကျဉ်းထောင် နှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောဆိုသည်။
စစ်ကော်မရှင် သည် ယနေ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတစ်ဝန်း အကျဥ်းသား၊ အကျဥ်းသူ ၆၁၃၄ ဦး နှင့် အကျဥ်းကျနေသော နိုင်ငံခြားသား ၅၂ တို့ကို လွတ်ငြိမ်းခွင့်ပြုခဲ့သည် ။
ယင်းအပြင် လူသတ်မှု ၊ မုဒိမ်းမှု၊ ပေါက်ကွဲမှု ၊ မတရားသင်းများ အက်ဥပဒေ ပြစ်မှု ၊ မူးယစ်ဆေးအမှု ၊ သဘာဝဘေးစီမံအမှု ၊ အကြမ်းဖက်မှု ၊ အဂတိမှု တို့ဖြင့် ကျခံနေရသူများအပ ကျန်အကျဥ်းသားအားလုံးကိုလည်း ပြစ်ဒဏ် ၏ ခြောက်ပုံတစ်ပုံ လျော့ချခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည် ။







