မြိတ်မြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စုရှိ ကျေးရွာသုံးရွာတွင် ဒေသခံ ၅ဦးကို စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာလ ၂ရက်နေ့ နံနက်က တပ်တောင်ရွာတွင် စပါးရိတ်နေသည့် အသက်၅၀ ဝန်းကျင် အမျိုးသားတစ်ဦးအား စစ်အာဏာရှင်တပ်သားများသည် စပါးခင်းထဲက ရိုက်နက်၍ ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“စပါးခင်းထဲကနေ ရိုက်ထုပြီး ခေါ်သွားကြတယ်။ ဘယ်နေရာကို ခေါ်သွားလည်း မသိရဘူး။ ယနေ့ (ဒီဇင်ဘာ ၃ရက် ညနေ ၄နာရီ) အထိ အဆက်အသွယ်မရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။
တပ်တောင်ရွာနှင့်အနီးရှိ ပလုံးရွာတွင်လည်း အမျိုးသားသုံးဦးနှင့် တောင်ယာထဲရွာက အမျိုးသမီးတစ်ဦးတို့ကိုလည်း နေအိမ်များတွင် စစ်အာဏာရှင်တပ်သားများက ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
“ဘာအကြောင်းကြောင့် လာဖမ်းသွားတာ မသိရသေးဘူး။ လာဖမ်းတဲ့အထဲမှာ ကြေးနန်းတိုင်တံတားဂိတ်က စစ်သားအချို့ကိုတော့ တွေ့ရတယ်” ဟု ပလုံးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
အထက်ပါဒေသခံများကို စစ်အာဏာရှင်တပ်က မည်သည့်အကြောင်းအရင်းကြောင့် လာရောက် ဖမ်းဆီးသည်ကိုမူ မသိရသေးပေ။
နိုဝင်ဘာလ ၃၀ရက် ညက တပ်တောင်ရွာတွင် အမည်မသိ လက်နက်ကိုင်အချို့က အသက် ၄၀ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာလ ၂ရက် ညနေဘက်တွင် ပြန်လွှတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။







