BREAKING
December 3, 2025

ထားဝယ်တွင် ဘုရားကြီးဝင်းထဲ နေ့ခင်းဘက် ဆိုင်ကယ် အခိုးခံရ

December 3, 2025

Photo - DaweiWatch

ထားဝယ်မြို့တွင် နေ့ခင်းဘက် ဆိုင်ကယ် ခိုးယူခံရကြောင်း မြို့ခံများထံမှ သိရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီကျော်တွင် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း၌ ဘုရားဖူးလာသည့် မြို့ခံတစ်ဦး၏ မော်တော်ဆိုင်ကယ်ကို အမျိုးသားတစ်ဦးက သော့ဖျက်ပြီး မောင်းယူထွက်ပြေးသွားကြောင်း မြို့ခံများက ပြောသည်။

ဆိုင်ကယ်ခိုးယူသူသည် ဆိုင်ကယ်ကယ်ရီဖြင့် ဘုရားကြီးဝင်ထဲသို့ လာရောက်ခြင်းဖြစ်ပြီး အပြာရောင်ဂျင်းအင်္ကျီ ဝတ်ဆင် ထားကြောင်း မျက်မြင်တွေ့ခဲ့သည့် ဘုရားဖူးမြိုခံ့အချို့၏ ပြောကြားချက်ကို ကိုးကားကာ မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

“စီးပြီးထွက်သွားတာမြင်လိုက်လို့ ဝိုင်းအော်နေကြသေးတယ်။ မမီလိုက်ကြဘူး” ဟု ၎င်းက ပြောဆိုသည်။

အလစ်သုတ်ခံရသည့် ဆိုင်ကယ်မှာ NCX Wave 100 အမျိုးအစားဖြစ်ပြီး မော်တော်ယာဉ်နှင့် သက်ဆိုင်သည့် သက်သေခံ စာရွက်စာတန်းများပါ ဆိုင်ကယ်နှင့်အတူ ပါသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ လလယ်ပိုင်းတွင်လည်း ထားဝယ်မြို့ လေယာဉ်ကွင်းလမ်း၌ သမီးရည်းစားစုံတွဲကို အမျိုးသားနှစ်ဦးက ခြိမ်းခြောက်ပြီး ရွှေလက်စွပ်တစ်ကွင်းကို လုယူသွားကြောင်း လုယက်ခံရသည့် ကာယာကံရှင်နှင့် နီးစပ်သူများထံမှ သိရသည်။

ယခုနှစ် ဇူလိုင်လဆန်းပိုင်းတွင်လည်း ထားဝယ်မြို့၊ မြို့သစ်ရပ်ကွက်တွင် ညသန်းခေါင် ဖောက်ထွင်းမှု၊ ခိုးယူမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မော်တော် ဆိုင်ကယ်လေးစီး ထက်မနည်း ခိုးယူခံခဲ့ရသည်။

အာဏာသိမ်းပြီးနောက် ထားဝယ်နှင့် မြိတ်မြို့တို့တွင် လုယက်မှုများ မကြာခဏာဖြစ်ပွားလျက်ရှိပြီး ကျူးလွန်သူများကို ဖမ်ဆီးရမိမှုများမှာ မရှိသလောက် နည်းပါးကြောင်း မြို့ခံများထံမှ သိရသည်။