BREAKING
December 3, 2025

မြန်မာအပါအဝင် ၁၉ နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်မှုလျှောက်လွှာအားလုံး အမေရိကန်ရပ်ဆိုင်း

December 3, 2025

ဥရောပမဟုတ်သော နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများ လျှောက်ထားလာသည့် Green Card နှင့် အမေရိကန်နိုင်ငံသားခံယူခွင့် အပါအဝင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လျှောက်လွှာအားလုံးကို ဆိုင်းငံ့လိုက်ကြောင်း ထရမ့်အစိုးရက ဒီဇင်ဘာ ၂ ရက်နေ့တွင် ကြေညာလိုက်သည်။

အမျိုးသားလုံခြုံရေးနှင့် ပြည်သူ့ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုများကို အကြောင်းပြကာ ထရမ့်အစိုးရက ယင်းသို့ ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။

အဆိုပါ နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုရီရယ်ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့ ပါဝင်ကြသည်။

ယင်းနိုင်ငံများသည် ပြီးခဲ့သည့် ဇွန်လကတည်းက ခြွင်းချက်အနည်းငယ်မှအပ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် လုံးဝဆိုင်းငံ့ခံရသည်အထိ အပြင်းထန်ဆုံး လူဝင်မှုကြီးကြပ်ရေး ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရသည့် နိုင်ငံများဖြစ်သည်။

ဇွန်လတွင် တစ်စိတ်တစ်ပိုင်း ကန့်သတ်ချက်များ သတ်မှတ်ခံခဲ့ရသည့် ၁၉ နိုင်ငံစာရင်းဝင် အခြားနိုင်ငံများမှာ ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မန်နစ္စတန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့ ဖြစ်ကြသည်။

ယခုနောက်ဆုံးထွက်ပေါ်လာသည့် ထရမ့်အစိုးရ၏ ဆုံးဖြတ်ချက်သည် ယင်း ၁၉ နိုင်ငံမှ လူများအပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။

ယင်းမှာ သမ္မတဒေါ်နယ်ထရမ့်၏ မူဝါဒများတွင် အဓိကကျသည့် ရွှေ့ပြောင်းနေထိုင်သူများအပေါ် ကန့်သတ်ချက်များကို ပိုမိုတင်းကျပ်လိုက်ခြင်း ဖြစ်သည်။

ထရမ့်အစိုးရ၏ တရားဝင် အမိန့်ကြော်ငြာစာတွင် ပြီးခဲ့သည့်အပတ်က ဝါရှင်တန်ဒီစီမြို့၌ ဖြစ်ပွားခဲ့သည့် အမေရိကန်အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုဖြစ်စဉ်ကို ရည်ညွှန်းဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုကြောင့် အမေရိကန်အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ အခြားတပ်ဖွဲ့ဝင်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး သံသယတရားခံ အာဖဂန်အမျိုးသားတစ်ဦးကို ဖမ်းဆီးထားသည်။

ဆိုမာလီနိုင်ငံသားများအပေါ် သမ္မတထရမ့်၏ ဝေဖန်တိုက်ခိုက်မှုများမှာ မကြာသေးမီရက်များအတွင်း ပိုမိုအရှိန်မြင့်လာခဲ့ကြောင်း ၊ ဆိုမာလီနိုင်ငံသားများအား “အမှိုက်သရိုက်များ” ဟု ခေါ်ဆိုကာ “ကျွန်တော်တို့ နိုင်ငံမှာ သူတို့ကို မရှိစေချင်ဘူး”ဟု ပြောကြားခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

အမေရိကန်သမ္မတတာဝန် စယူသည့် ယခုနှစ် ဇန်နဝါရီလကတည်းက ထရမ့်သည် လူဝင်မှုကြီးကြပ်ရေးဥပဒေ စိုးမိုးရေးကို ပြင်းပြင်းထန်ထန် ဦးစားပေးဆောင်ရွက်ခဲ့ရာ အမေရိကန်မြို့ကြီးများသို့ ဖက်ဒရယ်အေးဂျင့်များ စေလွှတ်ခြင်းနှင့် အမေရိကန်-မက္ကဆီကို နယ်စပ်ရှိ ခိုလှုံခွင့်တောင်းခံသူများကို လက်မခံဘဲ ပြန်လွှတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ထရမ့်အစိုးရသည် နေရပ်ပြန်ပို့ရေးကိစ္စရပ်များကို မကြာခဏ မီးမောင်းထိုးပြလေ့ရှိသော်လည်း လက်ရှိအချိန်အထိ တရားဝင်လူဝင်မှုကြီးကြပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှုများအပေါ် အလေးထားမှု နည်းပါးဆဲ ဖြစ်သည်။

အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ထရမ့်အစိုးရ၏ ၎င်းတို့ ကတိပြုထားသည့်အတိုင်း ရွှေ့ပြောင်းနေထိုင်သူများအပေါ် ကန့်သတ်ချက်များ ဆက်တိုက်ထွက်ပေါ်လာသည်။

ယင်းမှာ တရားဝင်လူဝင်မှုကြီးကြပ်ရေးအပေါ် ထရမ့်အစိုးရ၏ ပိုမိုအာရုံစိုက်လာမှုကို ဖော်ပြနေသည်။ အဆိုပါ လုပ်ရပ်များကို ထရမ့်အစိုးရက အမျိုးသားလုံခြုံရေး ကာကွယ်ရန်ဟူသော ခေါင်းစဉ်ဖြင့် ပုံဖော်ထားပြီး သမ္မတဟောင်းဂျိုးဘိုင်ဒင်၏ မူဝါဒများအား အပြစ်ဖို့ထားကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

Source: Reuters