BREAKING
December 3, 2025

ဥရောပနှင့် စစ်ဖြစ်ရန် အသင့်ရှိဟု ပူတင် ခြိမ်းခြောက်

December 3, 2025

ဥရောပနိုင်ငံများဘက်က ရုရှားနှင့် စစ်ခင်းလာလျှင် ရုရှားဘက်က တိုက်ခိုက်သွားရန် အသင့်ရှိကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဥရောပနိုင်ငံများကို ခြိမ်းခြောက်ပြောဆိုလိုက်သည်။

ရုရှားနှင့် ဥရောပစစ်ဖြစ်ပါက ဥရောပဘက်က အပြတ်အသတ် ရှုံးနိမ့်ရကာ ငြိမ်းချမ်းရေးဆွေးနွေးမည့်သူပင် ကျန်တော့မည် မဟုတ်ဟုလည်း ပူတင်က ဆိုသည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် အသေအပျောက်အများဆုံး ပဋိပက္ခဖြစ်လာသည့် ရုရှား-ယူကရိန်းစစ်ပွဲသည် လေးနှစ်နီးပါး ကြာမြင့်လာပြီဖြစ်သော်လည်း ဥရောပနှင့် အမေရိကန်ပြည်ထောင်စု၏ ထောက်ပံ့ကူညီမှု ရယူထားသည့် အိမ်နီးချင်းနိုင်ငံငယ် ယူကရိန်းကို ရုရှားအနေဖြင့် လက်ရှိအချိန်ထိ အနိုင်ယူသိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

ပူတင်သာ ယူကရိန်းစစ်ပွဲတွင် အနိုင်ရခဲ့လျှင် နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ဆက်လက်တိုက်ခိုက်လာနိုင်ကြောင်း ယူကရိန်းနှင့် ဥရောပအင်အားကြီးနိုင်ငံများက အကြိမ်ကြိမ် သတိပေးနေကြသော်လည်း ပူတင်ကမူ ယင်းပြောဆိုချက်များကို အဓိပ္ပါယ်မရှိသည့်စကားများဟုဆိုကာ ငြင်းဆန်ပယ်ချလျက်ရှိသည်။

ရုရှားအား စစ်တိုက်ရန် ဥရောပက ပြင်ဆင်နေကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က သတိပေးပြောကြားခဲ့သည်ဟု ရုရှားမီဒီယာများတွင် ဖော်ပြထားမှုနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားရာတွင် ရုရှားအနေဖြင့် ဥရောပနှင့် စစ်မဖြစ်လိုကြောင်း ပူတင်က ပြောဆိုခဲ့သည်။

ရုတ်တရက် ဥရောပက ရုရှားနှင့် စစ်ခင်းချင်လာပြီး ရုရှားအား စတင်တိုက်ခိုက်လာလျှင် ဥရောပဘက်မှာ ငြိမ်းချမ်းရေးဆွေးနွေးစရာ လူပင် မကျန်တော့လောက်အောင် အလျင်အမြန် ဇာတ်သိမ်းသွားလိမ့်မည်ဟု ပူတင်က ဆိုသည်။

ယင်းသို့ ပြောဆိုရာတွင် ပူတင်က “စစ်ပွဲ” ဟူသော ရုရှားစကားလုံးကို အတိအလင်း သုံးစွဲပြောကြားသွားခြင်းဖြစ်ကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယူကရိန်း စစ်ပွဲမှာ တင်းပြည့်ကျပ်ပြည့် စစ်ပွဲမဟုတ်ဘဲ ရုရှားအနေဖြင့် “ခွဲစိတ်ကုသမှုသဖွယ် တိကျသောစစ်ဆင်ရေးပုံစံ” မျိုးဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သို့သော် ဥရောပအင်အားကြီးနိုင်ငံများနှင့် တိုက်ရိုက်ထိပ်တိုက်တွေ့လာပါက ထိုပုံစံမျိုးဖြစ်လိမ့်မည်မဟုတ်ကြောင်းလည်း ပူတင်က အရိပ်အမြွက် ပြောကြားခဲ့သည်။

Source: Reuters