BREAKING
November 4, 2025

ကိုဗစ်ကာလနောက်ပိုင်း ထားဝယ်တန်ဆောင်တိုင် ပထမဆုံးအကြိမ် ညဘက်ဘုရားလှည့်

November 3, 2025

ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲကို ကိုဗစ်ကာလမှာ ရပ်နားခဲ့ပြီး အခုနှစ်မှာ ပထမဆုံးအကြိမ် ညဘက်ပြန်လည်ကျင်းပပါတယ်။

၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ဘုရားလှည့်ပွဲကို ၂၀၂၃ ခုနှစ်မှာ ပြန်လည်ကျင်းပခဲ့ပေမယ့် နေ့ဘက်ပဲ ကျင်းပခဲ့ပါတယ်။

ဒီနေ့ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညနေ ၆ နာရီကစပြီး ထားဝယ်ဘုရားကြီးဝင်းကနေ နှစ်ကျိပ်ရှစ်ဆူဘုရားတွေနဲ့ ကိုယ်စားတော်တွေ ထားဝယ်မြို့တွင်း ညလုံးပေါက် လှည့်လည်အပူဇော်ခံနေပါတယ်။

ဘုရားလှည့်လည်တဲ့ ညပိုင်းမှာ မိုးအနည်းငယ်ရွာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဘုရားလှည့်ပွဲ ဖွင့်ပွဲကို တိုင်းစစ်ကော်မရှင် တိုင်းဝန်ကြီးချုပ်နှင့် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးတို့က ဖွင့်လှစ်ခဲ့ပြီး ရဲ၊ ပျူစောထီး၊ စစ်အာဏာရှင်တပ် (ကြည်း) အပြင် (ရေ) တပ်ဖွဲ့ဝင်တွေပါ လုံခြုံရေးယူခဲ့တာကို တွေ့ရပါတယ်။

မြို့တွင်းမှာတော့ ဘုရားဖူးဖို့ စောင့်ဆိုင်းနေတဲ့ မြို့ခံဘုရားဖူးတွေ၊ ဘုရားရပ် (ခေတ္တနား) မယ့် နေရာတွေမှာ အကမဏ္ဍပ်တွေနဲ့ အစားအသောက် ကျွေးမွေးလှူဒါန်းသူတွေနဲ့ စည်ကားနေပါတယ်။

ဒါပေမဲ့ နယ်ဘက်နဲ့ ရပ်ဝေးဘုရားဖူးတွေကတော့ နယ်မြေအခြေအနေကြောင့် ကိုဗစ်မတိုင်မီကာလကလိုမျိုး လာရောက်ဆင်နွှဲမှု နည်းပါးနေတာကို တွေ့ရပါတယ်။

ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲသည် ယခုနှစ်တွင် ၁၁၃ ကြိမ်မြောက် ရှိလာပြီဖြစ်ပါတယ်။