ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲအား ကိုဗစ်ကာလတွင် ရပ်နားခဲ့ပြီး ယခုနှစ်တွင် ပထမဆုံးအကြိမ် ညဘက်ပြန်လည်ကျင်းပသည်။
ကိုဗစ်ကာလ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲအား ၂၀၂၃ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့သော်လည်း နေ့ဘက်သာ ကျင်းပခဲ့သည်။
ယနေ့ တန်ဆောင်မုန်းလဆန်း ၁၄ ရက် (နိုဝင်ဘာလ ၃ ရက်) ညနေ ၆ နာရီကစပြီး ထားဝယ်ဘုရားကြီးဝင်းမှ နှစ်ကျိပ်ရှစ်ဆူဘုရားများနှင့် ကိုယ်စားတော်များ ထားဝယ်မြို့တွင်း ညလုံးပေါက် လှည့်လည်အပူဇော်ခံနေသည်။
နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဘုရားတံကဲ၊ မီးဖောင် နှင့် ဘုရားကားများတွင် မိုးရေဒဏ်ခံနိုင်ရန် အကာအကွယ်များ ကြိုတင်ပြင်ဆင်ထားသည်ကို တွေ့ရသည်။
ဘုရားလှည့်ပွဲဖွင့်ပွဲ ပြုလုပ်သည့် ညနေပိုင်းတွင် မိုးမရွာခဲ့ဘဲ ဘုရားလှည့်လည်သည့် ညပိုင်းတွင် မိုးအနည်းငယ်ရွာနေ ကြောင်း မြို့ခံများက ပြောသည်။















ဘုရားလှည့်ရာတွင် ယခင်ကာလဘုရားပွဲများကဲ့သို့ ဒေဝါဝင်း (နတ်သိကြားဝတ်စုံဖြင့် ဝင်းခင်းခြင်း) ၊ ပဒေသာပင် ကားများနှင့် ဖျော်ဖြေရေးယာဥ်များ အားလုံးစီစဥ်ထားသည်ကိုလည်း တွေ့ရသည်။
ဘုရားလှည့်ပွဲ ဖွင့်ပွဲကို တိုင်းစစ်ကော်မရှင် တိုင်းဝန်ကြီးချုပ်နှင့် ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးတို့က ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားတက်လာစဥ် ရဲ၊ ပျူစောထီး၊ စစ်အာဏာရှင်တပ် (ကြည်း) တပ်ဖွဲ့ဝင်များအပြင် (ရေ) တပ်ဖွဲ့များပါ လုံခြုံရေးယူပေးထားခဲ့သည်ကို တွေ့ရသည်။
မြို့တွင်း၌မူ ဘုရားဖူးရန် စောင့်ဆိုင်းနေသည့် မြို့ခံဘုရားဖူးများ၊ ဘုရားရပ်(ခေတ္တနား)ရန် နေရာများတွင် အကမဏ္ဍပ်များ နှင့် အစားအသောက် ကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားနေသည်။
သို့သော် နယ်ဘက်မှ ဘုရားဖူးများနှင့် ရပ်ဝေးဘုရားဖူးများ သည် နယ်မြေအခြေအနေကြောင့် ကိုဗစ်မတိုင်မီက ကဲ့သို့ လာရောက်ဆင်နွှဲမှု နည်းပါးသည်ကို တွေ့ရသည်။
ထားဝယ်တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲသည် ၁၉၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ကာ ယခုနှစ်တွင် ၁၁၃ ကြိမ်မြောက်အဖြစ် ဘုရားကြီးဂေါပက က ဦးဆောင်၍ ရပ်ကွက်ဂေါပကများနှင့် ပူးပေါင်း၍ ကျင်းပခြင်းဖြစ်သည် ။







