BREAKING
November 3, 2025

ထားဝယ်မြို့ရှိ မေတ္တာရိပ်ဆေးခန်း အပြီးပိတ်

November 3, 2025

နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF)၏ လုပ်ငန်းများရပ်နားလိုက်ပြီဖြစ်သည့်အတွက် ထားဝယ်မြို့တွင် ဖွင့်လှစ်ထားသည့် မေတ္တာရိပ်ဆေးခန်းကို အပြီးသတ်ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း MSF အဖွဲ့နှင့် နီးစပ်သူအချို့ထံမှသိရသည်။

အောက်တိုဘာလမှစကာ မေတ္တာရိပ်ဆေးခန်းဝန်ထမ်းများ အပါအဝင် MSF၏ ဝန်ထမ်းအားလုံးနီးပါးကို လုပ်သက်အလိုက်ခံစားခွင့်ပေးကာ အပြီးသတ်ပိတ်လိုက်ပြီဖြစ်ကြောင်း အထက်ပါနီးစပ်သူအချို့က ဆိုသည်။

ယခုနှစ် ဇွန်လ ဒုတိယအပတ်အတွင်း MSF (ထားဝယ်)ရုံးက တာ၀န်ရှိသူအချို့ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးပြီးနောက် မေတ္တာရိပ်ဆေးခန်းကို ယာယီရပ်နားထားရာက အောက်တိုဘာလမှစကာ အပြီးသတ်ပိတ်လိုက် ခြင်းဖြစ်ကြောင်း MSF(ထားဝယ်) နှင့် နီးစပ်သည့် ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။

ထားဝယ်မြို့ရှိ မေတ္တာရိပ်ဆေးခန်းတွင် ရေရှည်ကုသရမည့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်စသည့် လူနာအရေအတွက် ခြောက်ထောင်ဝန်းကျင် ပုံမှန်လာပြနေကြောင်း ၎င်းက ဆိုသည်။

ခက်ခဲကျပ်တည်းနေချိန်တွင် ဆေးခန်းကိုအပြီးပိတ်လိုက်ရသည့်အတွက် လူနာများ အခက်အခဲကြုံတွေ့နေကြကြောင်း အထက်ပါ နီးစပ်သူက ပြောသည်။

“လူနာတွေက ငွေကြေးမတတ်နိုင်တော့ ကုသခွင့်လည်းမရဘူးဆိုတော့ လုံးဝဆိုးရွားတဲ့အခြေအနေမျိုး ရောက်သွားတာပေါ့”ဟု ၎င်းကဆိုသည်။

မေတ္တာရိပ်ဆေးခန်းနှင့် နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF (ထားဝယ်)တွင် ဝန်ထမ်းစုစုပေါင်း ၆၀ ဝန်းကျင်ရှိကြောင်း နီးစပ်သူများထံမှ သိရသည်။

အဆိုပါဝန်ထမ်းအားလုံးနီးပါးကို အောက်တိုဘာလကုန်တွင် လုပ်သက်အလိုက် ခံစားခွင့်ပေးကာ အလုပ်ရပ်နားခိုင်း လိုက်ကြောင်း နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF (ထားဝယ်)နှင့်နီးစပ်သည့် နောက်ထပ်မြို့ခံတစ်ဦးက ဆိုသည်။

“ထားဝယ်က ဝန်ထမ်းအားလုံးနီးပါး လုပ်သက်ခံစားခွင့်ပေးပြီး ဝန်ထမ်းတွေပင်စင်ပေးသလိုပေးပြီး နားလိုက်ပြီ”ဟု ၎င်းက ပြောသည်။

၁၀ နှစ်ကျော်လုပ်သက်ရှိပြီး လစာ ၁၀သိန်းကျော်ရနေသည့် ဝန်ထမ်းတစ်ဦးလျှင် ကျပ်သိန်းနှစ်ရာဝန်းကျင် ခံစားခွင့်ရကြောင်း အထက်ပါနီးစပ်သူက ဆိုသည်။

ထားဝယ်မြို့ရှိ Médecins Sans Frontières (MSF) ရုံးက တာဝန်ခံဆရာဝန်၊ ဒုတာဝန်ခံနှင့် ရုံးအဖွဲ့ဝင် (စတိုတာဝန်ခံ) တစ်ဦးတို့ကို ယခုနှစ် မေလနှင့် ဇွန်လဆန်းတွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့သည်။ ဒုတာဝန်ခံကိုမူ ပြန်လွှတ်လိုက်သော်လည်း စရဖရုံးကို နေ့တိုင်းနီးပါး ခေါ်ယူစစ်ဆေးခဲ့သည်။

ထိုနောက် ရုံးအဖွဲ့ဝင်ဖြစ်သည့် စတိုတာဝန်ခံကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီး တာဝန်ခံဆရာဝန်နှင့် ဒုတာဝန်ခံကို ပြန်လွှတ်လိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။