တိုက်ပွဲနှင့် စစ်ရေးတင်းမာမှုများကြောင့် တနင်္သာရီမြို့နယ် ကျေးရွာအချို့တွင် ကွမ်းသီးအလုံးခြောက်အစား ကွမ်းသီးခွဲပြီး အခြမ်းခြောက်လုပ်ရောင်းသူ ပိုများလာကြောင်း ဒေသခံများထံမှ သိရသည်။
ကွမ်းသီးအလုံးလိုက် အခြောက်ခံပါက ၂ လခန့် ကြာမြင့်ပြီး ကွမ်းသီးခွဲခြမ်းအခြောက်လုပ်ပါက ၅ ရက်ခန့်သာ ကြာမြင့်ကြောင်း၊ ကွမ်းသီးလုံးထက်ဈေးပိုရသော်လည်း အလုပ်ပိုရှုပ်ကြောင်း ဒေသခံများထံမှ သိရသည်။
ကွမ်းသီးခွဲခြမ်းအခြောက်လုပ်မည်ဆိုပါက ကွမ်းသီးမှည့်အလုံးကိုနှစ်ခြမ်းခွဲပြီး ၃ ရက်ဝန်းကျင်နေလှန်းကာ ကွမ်းသီးအသားကို ပြန်လည်ထုတ်ယူ၍ ၂ ရက်ဝန်းကျင် နေပြန်လှန်းရခြင်းဖြစ်သည်။
လေကြောင်းအန္တရာယ်နှင့် စစ်အာဏာရှင်တပ်စစ်ကြောင်းထိုးမည်ဆိုသည့် သတင်းထွက်ပေါ်လာပါက ချက်ချင်းပြောင်းရွှေ့ရလေ့ရှိသဖြင့် ပိုမိုမြန်ဆန်သည့် ကွမ်းသီးခြမ်းအခြောက်လုပ်သူ ပိုများလာခြင်းဖြစ်ကြောင်း သရဖုံရွာနေ ဒေသခံတစ်ဦးက ဆိုသည်။
“ဘယ်အချိန်ပြေးရမယ်မှန်း မသိဘူး။ အမှည့်အလုံးလိုက်ရောင်းရင်လည်း တစ်လုံးကို ၅၀ ကျပ်ဝန်းကျင်ပဲ ရတယ်လေ။ အဲတော့ နေပူလှန်းပြီး ရတဲ့ဈေးနဲ့ရောင်းနေရတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။
လက်ရှိတွင် တိုက်ပွဲနှင့် စစ်အာဏာရှင်တပ်၏ ပိတ်ဆို့ကန့်သတ်မှုများကြောင့် ကွမ်းသီးခြောက်ကုန်သည်များ လာရောက်ဝယ်ယူမှု မရှိသလောက်နည်းပါးနေပြီး ကွမ်းသီးခြောက်ဈေးကျနေကြောင်း မော်တုန်းရွာနေ တောင်သူတစ်ဦးက ဆိုသည်။
ကွမ်းသီးခွဲခြမ်းတစ်ပိဿာလျှင် ကျပ်တစ်သောင်းဝန်းကျင်၊ ကွမ်းသီးအလုံးခြောက် တစ်ပိဿာလျှင် ကျပ်ရှစ်ထောင်ဝန်းကျင်နှင့် ကွမ်းသီးအမှည့်တစ်လုံးလျှင် ၅၀ ကျပ်နှင့် ကျပ် ၁၀၀ ကြားဈေးပေါက်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။
အထူးသဖြင့် တနင်္သာရီမြို့နယ်ရှိ ပဝရွာ၊သရဖုံရွာ၊လယ်သစ်ရွာနှင့် မော်တုန်းရွာမှ ကွမ်းသီးတောင်သူများက ကွမ်းသီးအလုံးခြောက်မလုပ်ကြတော့ဘဲ ခွဲခြမ်းလုပ်၍ ရောင်းနေကြကြောင်း ဒေသခံအချို့က ဆိုသည်။
“အခုအချိန်မှာက တအားပင်ပန်းနေကြတယ်။ပင်ပန်းလို့ မရ ရတဲ့ ဟာပဲ လုပ်ရောင်းနေကြတယ်။ (ကွမ်သီး) အမှည့်ရောင်းသူကလည်း ရောင်းနေကြတယ်။ ငွေကြေးကျပ်တည်းတာကြောင့်လည်း ပါတယ်”ဟု မော်တုန်းရွာနေ အထက်ပါတောင်သူက ပြောသည်။
ကွမ်းသီးခွဲခြမ်းလုပ်ရာတွင်လည်း မိုးဆက်တိုက်ရွာသွန်းသည့်အချိန်နှင့်ကြုံရပါက မှိုတက်လာပြီး တစ်ပိဿာလျှင် ကျပ်ငါးထောင်ဝန်းကျင်သာ ဈေးရတော့ကြောင်း ၎င်းက ဆိုသည်။
တနင်္သာရီမြို့နယ်အပါအဝင် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ကွမ်းသီးပင်များကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ထွက်ရှိလာသည့် ကွမ်းသီးခြောက်များကို ကုန်သည်များမှတစ်ဆင့် တိုင်းပြင်ပသို့တင်ပို့ရောင်းချကြသည်။







