ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ရာ လမ်းကြောင်းတွင် ပါဝင်မည့် ကမ်းနားလမ်းတစ်ခြမ်းမှ နေရာအနည်းငယ်ကို တိုင်းစစ်ကော်မရှင်က နိုင်လွန်ကတ္တရာဖြင့် လမ်းအမြန်ခင်းကာ မီးအလှဆင်ထားကြောင်း မြို့ခံများထံမှသိရသည်။
ကွန်ကရစ်ခင်းထားသော ကမ်းနားလမ်းတစ်ခြမ်းရှိ နေရာအနည်းငယ်ကို နိုင်လွန်ကတ္တရာခင်းကာ ပေ ၁၂၀၀ ခန့်ကို လျှပ်စစ်မီးသီးများဖြင့် အလှဆင်ထားခြင်းဖြစ်သည်။
ယခင်က ယင်းလမ်းပိုင်းကို ကတ္တရာခင်းရန် အစီအစဥ် မရှိဘဲ ဘုရားပွဲအတွက် အမြန်စီစဥ်လိုက်ခြင်းဖြစ်ကြောင်း တိုင်းစစ်ကော်မရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
” ဘတ်ဂျတ်တွေက နယ်တွေမှာလည်း မအေးချမ်းတော့ သုံးစရာ နေရာမရှိဘူးလေ။ မြို့ပေါ်မှာပဲ သုံးနေတာ၊ ကမ်းနားလမ်းနဲ့ လေယာဉ်ကွင်းလမ်းတွေမှာဆို အခုနှစ်ထဲ ပြင်ဆင်ထားတာတွေ အများကြီးပဲ” ဟု ထားဝယ်မြို့ခံတစ်ဦးကပြောသည်။
နှစ်ကျိပ်ရှစ်ဆူ ဘုရားများကြွချီသည့် ယခင်လမ်းကြောင်းကို အနည်းပြောင်းလဲ၍ ယခုနှစ်လမ်းကြောင်း၌ ကမ်းနားလမ်းကို တိုးချဲ့ထည့်သွင်းကာ မီးအလှဆင်ထားသည့်နေရာ၌ ဘုရားများ လှည့်လည်စဥ် ခေတ္တအပူဇော်ခံမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့များထံမှသိရသည် ။
ယင်းအပြင် မီးပုံးလွှတ်ပြိုင်ပွဲကိုလည်း ကမ်းနားသဲကွင်းတွင် ကျင်းပမည်ဟု ထားဝယ်လူမျိုးစုစည်းမှုကော်မတီ ကကြေညာထားသည်။
တိုင်းစစ်ကော်မရှင် အဖွဲ့ဝင်အချို့မှာ ယနေ့ နိုဝင်ဘာလ ၃ ရက် အဖိတ်နေ့ ညတွင်ပြုလုပ်မည့် ထားဝယ် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲကို တက်ရောက်မည်ဖြစ်ကြောင်း တိုင်းစစ်ကော်မရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
” ရုံးကြီး (တိုင်းအစိုးရရုံး) ရှေ့မှာလည်း မဏ္ဍပ်ထိုးထားတယ်။ အဲဒီမှာလည်း စတုဒီသာရှိမယ်” ဟု ၎င်းကပြောဆိုသည် ။
ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို ၂၀၁၂ ခုနှစ်က စ၍ တိုင်းဒေသကြီး အဆင့် အခမ်းအနားဖြင့် ကျင်းပခဲ့ကြောင်း ဂေါပကများကဆိုသည်။
ပြီးခဲ့သည့် သီတင်းကျွတ်ကာလက ကျင်းပခဲ့သည့် သပိတ်မျှောပွဲကိုလည်း တိုင်းစစ်ကော်မရှင် ဝန်ကြီးချုပ်နှင့်အဖွဲ့ က ဖြဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။







