BREAKING
November 3, 2025

ဆီးရီးယားသမ္မတ အိမ်ဖြူတော် သွားမည်

November 3, 2025

ပုံစာ - ဆီးရီးယားသမ္မတသစ်အာမက်အယ်လ်ရှာရာအား ပြည်တွင်းအခမ်းအနားတစ်ခု၌ ယမန်နှစ်မေလက တွေ့ရစဉ်။ ဓာတ်ပုံ - REUTERS/Khalil Ashawi

သမ္မတအာမက်အယ်ရှာရာသည် ယခု နိုဝင်ဘာလအတွင်း အမေရိကန်နိုင်ငံ သမ္မတအိမ်ဖြူတော်သို့ သွားရောက်ကာ ဆီးရီးယားနိုင်ငံ ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ဆွေနွေးသွားမည် ဖြစ်ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂ ရက်နေ့က ပြောဆိုလိုက်သည်။

ဆီးရီးယားသမ္မတအာမက်အယ်လ်ရှာရာသည် အိမ်ဖြူတော်သို့ နိုဝင်ဘာလ ၁၀ ရက်ဝန်းကျင်တွင် လာရောက်လည်ပတ်မည်ဟု အမေရိကန်အရာရှိတစ်ဦးကလည်း ဆိုသည်။

“ပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းရေး ၊ အမေရိကန်နဲ့ ဆီးရီးယားအကြား ဆက်ဆံရေးအခန်းသစ် ဖွင့်လှစ်ရေးတို့အပါအဝင် ကိစ္စရပ်တော်တော်များများကို ဆွေးနွေးသွားမှာပါ။ နှစ်နိုင်ငံအကြား အင်မတန်ခိုင်မာတဲ့ မိတ်ဖက်ဆက်ဆံရေးကို ကျွန်တော်တို့ တည်ဆောက်ချင်ပါတယ်” ဟု ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး အာမက်အယ်လ်ရှီဘာနီက ဖြည့်စွက်ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ ယခင်က မည်သည့်ဆီးရီးယားသမ္မတကမျှ ဝါရှင်တန်သို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ဖူးခြင်း မရှိကြောင်း သိရသည်။

ဆီးရီးယားသမ္မတအာမက်အယ်လ်ရှာရာသည် ယခုနှစ် စက်တင်ဘာလတွင် အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့သို့ သွားရောက်ကာ ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့သည်။

ဘာရှာအာဆတ်အစိုးရပြုတ်ကျသွားသည့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ စ၍ အာမက်အယ်လ်ရှာရာ၏ ဆီးရီးယားအသွင်ကူးပြောင်းရေးအစိုးရသည် ယခင်က ဆီးရီးယားကို ဖယ်ကျဉ်ထားခဲ့သည့် အနောက်အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးပြန်လည်ထူထောင်ရန် ပြည်ပခရီးစဉ်များ ဆက်တိုက်သွားရောက်နေခဲ့သည်။

Source: Reuters