ထားဝယ်ဈေးကွက်တွင် ယခုနှစ်သီတင်းကျွတ်ရာသီ ရောင်စုံမီးပုံးပျံငယ်များ ဝယ်သူနည်းနေပြီး လက်တွန်းမီးအိမ်လှည်း ထုတ်လုပ်သူအချို့ လုပ်ငန်းရပ်နားလိုက်ကြောင်း ထားဝယ်မြို့ရှိ ရောင်စုံမီးပုံးပျံငယ် လက်လီ၊ လက်ကား ရောင်းချသူများနှင့် လက်တွန်းမီးအိမ်လှည်းထုတ်လုပ်သူများထံမှ သိရသည်။
ယမန်နှစ် သီတင်းကျွတ်အကြိုကာလတွင် ရောင်စုံမီးပုံးပျံငယ်တစ်လုံး၏ လက်ကားဈေးမှာ ကျပ် တစ်ထောင် ဝန်းကျင်သာ ရှိရာမှ ယခုနှစ်တွင် ကျပ် ၃၅၀၀ အထိရှိလာကြောင်း စျေးကွက်အတွင်းမှ သိရသည်။
စျေးတက်သဖြင့် ဝယ်ယူသူနည်းကာ ယမန်နှစ်သီတင်းကျွတ်အကြိုကာလများထက် အရောင်းပါးလျက်ရှိကြောင်း ထားဝယ် ဈေးကွက်ရှိ သီတင်းကျွတ်မီးပုံးနှင့် အလှဆင်ပစ္စည်းများ လက်လီ၊ လက်ကား ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“သီတင်းကျွတ် မီးပုံးငယ်တွေက မန္တလေးနဲ့ ရန်ကုန်ဘက်က တင်သွင်းတယ်။ အခုနှစ်က ဈေးပြောလိုက်တာနဲ့ ဝယ်သူက လန်ထွက်သွားတယ်။ မရောင်းရဘူးတော့မဟုတ်ဘူး၊ ဒါပေမဲ့ ဈေးကြီးလို့ နှစ်တိုင်းလိုတော့ မရောင်းရဘူး။ သုံးစွဲသူ နည်း လာတာပေါ့။ အခု ဒီနေ့အထိ ရောင်းထားတဲ့ မီးပုံးပျံငယ် အလုံးတစ်ထောင်တောင် မပြည့်သေးဘူး” ဟု ၎င်းက ဆိုသည်။
ယမန်နှစ် သီတင်းကျွတ်အကြိုကာလ ယခုကဲ့သို့ ရက်တွင်မူ ရောင်စုံမီးပုံးပျံငယ် အလုံး တစ်ထောင်ကျော် ရောင်းချထားပြီးဖြစ်ကြောင်း အထက်ပါအမျိုးသမီးက ပြောဆိုသည်။

ယင်းအပြင် ထားဝယ်မြို့ရှိ လက်တွန်းမီးအိမ်လှည်း အလှဆင်လုပ်ငန်းအချို့မှာလည်း ယခုနှစ် ဆက်မလုပ်တော့ဘဲ ရပ်ဆိုင်း ထားရကြောင်း ထားဝယ်မြို့ရှိ လက်တွန်းမီးအိမ်လှည်း အလှဆင်လုပ်ငန်း လုပ်ကိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။
“ဈေးကြီးလို့တဲ့ မှာသူနည်းလာတယ်။ မနှစ်က တစ်စီး ၃၀၀၀ကျပ်နဲ့ လုပ်ပေးတယ်။ အခုနှစ် ၅၅၀၀ကျပ်နဲ့ ပြောတော့ ဈေးများလို့တဲ့။ ကျွန်တော်လည်း ဘာမှရတာ မဟုတ်ဘူး။ ဝါသနာကြောင့်သာ လုပ်နေတာ။ အခုနှစ်ရတဲ့ အော်ဒါ အစီး ၃၀ လောက်ရှိတယ်။ အားလုံးလက်လွှတ်လိုက်တယ်” ဟု ၎င်းက ပြောသည်။
ယခုနှစ်သီတင်းကျွတ်ရာသီတွင် လက်တွန်းမီးအိမ်လှည်းလုပ်ရတွင် အသုံးပြုသည့် ဆီစိမ်စက္ကူ နှင့် ဖော့ဘီးများ ဈေးတက်လာခြင်းကြောင့် ဈေးတက်ရခြင်းဖြစ်ကြောင်း အထက်ပါအမျိုးသားက ပြောဆိုသည်။
“မနှစ်က ဖော့ဘီးတစ်လုံး ၄၀ ကျပ်ပဲရှိတယ်။ အခု တစ်လုံး ၁၀၀၊ နောက်တစ်ယောက်တည်း လုပ်လို့မရဘူး။ မိသားစုကပါ ဝိုင်းကူမှရတာ။ ဒါ့ကြောင့် ဒီနှစ်နားလိုက်တာ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါလက်တွန်းမီးအိမ်များမှာ ဝါးနှင့် ဆီစိမ်စက္ကူကိုအသုံးပြုပြီး ချိုးရုပ်၊ ဆင်ရုပ်၊ ယုန်ရုပ်၊ လိပ်ပြာရုပ်များအဖြစ် ပုံဖော်ကာ LED မီးလုံးတပ်ဆင်ပြီး ဘီးတပ်က လက်ဖြင့်တွန်းရခြင်းဖြစ်သည်။
အဆိုပါလက်တွန်းမီးအိမ်ငယ်များကို ထားဝယ်ဒေသ၏ သီတင်းကျွတ်ကာလများတွင် ကလေးများ ဝယ်ယူဆော့ကစားလေ့ ရှိကြသည်။
သို့သော် ထားဝယ်မြို့ရှိ ယခုနှစ် သီတင်းကျွတ် မီးအလှဆင်ပစ္စည်းများဈေးကွက်တွင် ဒေသထွက် လက်လုပ်စက္ကူမီးအိမ်၊ LED မီးတွဲနှင့် LED ဖယောင်းတိုင်ပုံ မီးချောင်းများ အရောင်းသွက်လျက်ရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။
ထားဝယ်ဒေသသထွက် လက်လုပ်မီးအိမ်ဈေးနှုန်းမှာ တစ်လုံး ၂၃၀၀ကျပ်ခန့်နှင့် LED မီးတွဲတစ်တွဲလျှင် ၅၀၀၀ကျပ်နှင့် ၆၀၀၀ကျပ်ကြားရှိပြီး LEDဖယောင်းတိုင်ပုံ မီးချောင်းများမှာ ၂၄ တိုင်ပါ တစ်ထုတ်လျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းသွက် လျက်ရှိကြောင်း ထားဝယ်မြို့ရှိ သီတင်းကျွတ် မီးအလှဆင်ဈေးကွက်အတွင်းမှ သိရသည်။
ထားဝယ်ဒေသတွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို သီတင်းကျွတ် လဆန်း ၁၃ ရက်မှစ၍ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်အထိ ကျင်းပလေ့ရှိကြပြီး သီတင်းကျွတ် လပြည့်နေ့ နံနက်စောစောတွင်မူ ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို ကျင်းပသည်။







