BREAKING
October 19, 2025

ပြင်သစ် မြို့ပေါင်း နှစ်ရာကျော်တွင် ဆန္ဒပြပွဲ

October 3, 2025

ဓာတ်ပုံ - AP Photo ၊ Reuters

ပြင်သစ်နိုင်ငံအနှံ့က မြို့ကြီး၊ မြို့ငယ် နှစ်ရာကျော်တွင် အောက်တိုဘာလ ၂ ရက်က လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြသည်။

အစိုးရအသုံးစရိတ်လျှော့ချမှုကို ဆန့်ကျင်ကြောင်း ပြသကာ လူချမ်းသာများအပေါ် အခွန်တိုးကောက်ပေးရေး တောင်းဆိုသည့်အနေဖြင့် ယင်းသို့ ပြည်လုံးကျွတ်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ယခင်ဝန်ကြီးချုပ်လက်ထက်က အစိုးရအသုံးစရိတ်မူကြမ်းတွင် လူမှုဖုံလှုံရေးထောက်ပံ့ကြေးများ ရပ်ဆိုင်းခြင်းနှင့် ခြိုးခြံချွေတာရေးအစီအမံများ ပါဝင်ပြီး လစာနိမ့်အလုပ်သမားများနှင့် လူလတ်တန်းစားအလုပ်သမားများ၏ ဝယ်ယူ စားသုံးနိုင်စွမ်းကို ပိုအားနည်းသွားစေလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံရလျက် ရှိသည်။

ဝန်ကြီးချုပ်သစ် Sébastien Lecornu အနေဖြင့် ယခင်ဝန်ကြီးချုပ် အဆိုပြုခဲ့သည့် အစိုးရအသုံးစရိတ်မူကြမ်းကို စွန့်လွှတ်ရန် အလုပ်သမားသမဂ္ဂများက ပြင်းပြင်းထန်ထန် တိုက်တွန်းလျက် ရှိသည်။

ကြာသပတေးနေ့တွင် မြို့တော်ပဲရစ်၌ အလုပ်သမားများ၊ ပင်စင်စားများနှင့် ကျောင်းသားများ ထောင်ပေါင်းများစွာ စုဝေးချီတက်ခဲ့ကြရာ ကမ္ဘာကျော် အီဖယ်မျှော်စင်ကိုလည်း ဆန္ဒပြပွဲများကြောင့် ပိတ်ထားလိုက်ရသည်။

အဆိုပါ ပြည်လုံးကျွတ်ဆန္ဒပြပွဲများမှာ နိုင်ငံအတွင်းရှိ အဓိကအလုပ်သမားများ၏ တပ်လှန့်နှိုးဆော်မှုကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း AP သတင်းဌာနက ဖော်ပြသည်။

ပြင်သစ်နိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် အစိုးရအသုံးစရိတ်သတ်မှတ်ရေး ပြင်းပြင်းထန်ထန် သဘောထားကွဲလွဲမှု များကြောင့် ပြီးခဲ့သည့် လမှာ စတင်၍ ဆန္ဒပြပွဲများ ဖြစ်ပွားလျက် ရှိသည်။

ကြာသပတေးနေ့က ဆန္ဒပြပွဲမှာ အဆိုပါ ဆန္ဒပြပွဲများ၏ နောက်ဆက်တွဲ ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် ပြင်သစ်ဝန်ကြီးချုပ်ဖြစ်လာခဲ့သည့် Lecornu သည် ၎င်း၏ အစိုးရအသုံးစားရိတ် အစီအမံများကို လက်ရှိ အချိန် ထုတ်ပြန်ခြင်း မရှိသေးသလို ၎င်းအစိုးရအဖွဲ့အတွက် ဝန်ကြီးများကိုလည်း အပြီးသတ် ခန့်အပ်နိုင်ခြင်း မရှိသေးပေ။

Source: Associated Press ၊ Reuters