BREAKING
October 19, 2025

ဒရုန်းများ တွေ့ရှိမှုကြောင့် မြူးနစ်လေဆိပ် ခရီးစဉ်များ ရပ်နားခဲ့ရ

October 3, 2025

ပုံစာ - ဂျာမဏီ ၊ မြူးနစ်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလက တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

ဂျာမဏီနိုင်ငံ၊ မြူးနစ်လေဆိပ်၌ အောက်တိုဘာလ ၂ ရက် ညပိုင်းတွင် ပြင်ပဒရုန်းများ တွေ့ရှိမှုကြောင့် လေယာဉ်ခရီးစဉ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ ရပ်နားထားလိုက်ရသည်။

ယင်းကြောင့် လေယာဉ်ခရီးစဉ် ၁၇ ခု ဖျက်သိမ်းလိုက်ရကာ ခရီးသည်ပေါင်း ၃၀၀၀ ၏ ခရီးစဉ်များ အနှောင့်အယှက်ဖြစ်ပေါ်ခဲ့ကြောင်း လေဆိပ်တာဝန်ရှိသူများက ယနေ့ အောက်တိုဘာလ ၃ ရက် နံနက်အစောပိုင်းက ထုတ်ပြန်သည်။

အဆိုပါ လေဆိပ်သို့ ဆင်းသက်မည့် နောက်ထပ်ခရီးစဉ် ၁၅ ခုမှာလည်း ရှတွတ်ဂတ် ၊ နုရင်ဘတ် ၊ ဗီယင်နာ ၊ ဖရန့်ခ်ဖတ်လေဆိပ်များသို့ ပြောင်းလဲဆင်းသက်ခဲ့ရကြောင်း ဆိုသည်။

ပြီးခဲ့သည့်သီတင်းပတ်က ဒိန်းမတ်နှင့် နော်ဝေတွင် ပြင်ပဒရုန်းများကြောင့် လေဆိပ်များ ပိတ်ထားခဲ့ရသည်။

မြူးနစ်လေဆိပ်ဖြစ်ရပ်မှာ ဥရောပလေကြောင်းခရီးစဉ်များတွင် ပြင်ပဒရုန်းများကြောင့် အနှောင့်အယှက်ဖြစ်ပေါ်ခဲ့သည့် ယခုနောက်ဆုံး ထွက်ပေါ်လာသည့် ဖြစ်ရပ် ဖြစ်သည်။

မြူးနစ်မြို့သည် နာမည်ကျော် Oktoberfest ဘီယာပွဲတော်အတွင်း ဗုံးလန့်မှုနှင့် မြို့မြောက်ပိုင်းရှိ လူနေအဆောက်အအုံတစ်ခုတွင် ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိမှုကြောင့် ယခုသီတင်းပတ်အတွင်းမှာပင် လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ရပြီး ဖြစ်သည်။

ပြီးခဲ့သည့်အပတ်တွင် ဒိန်းမတ်လေပိုင်နက်အတွင်းသို့ ပြင်ပဒရုန်းများ ကျူးကျော်ဝင်ရောက်ခဲ့ပြီး လေဆိပ် အတော်များများတွင် ခရီးစဉ်နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်။ ယင်းဖြစ်ရပ်များအတွက် မည်သူတွင် တာဝန်ရှိသည်ကို ဒိန်းမတ်အစိုးရက တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ဥရောပတိုက်ကို ရုရှားဒရုန်းရန်မှ ကာကွယ်ရေးအစီအစဉ်များကို အရှိန်မြှင့်လုပ်ဆောင်ရန် ယခုအပတ် ဗုဒ္ဓဟူးနေ့တွင် ဥရောပသမဂ္ဂခေါင်းဆောင်များက အတည်ပြုထောက်ခံလိုက်သည်။

ဒိန်းမတ်လေပိုင်နက်ထဲသို့ ၎င်း၏ ဒရုန်းများ စေလွှတ်ပျံသန်းခိုင်းတော့မည်မဟုတ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ယမန်နေ့ ကြာသပတေးနေ့က နောက်ပြောင်ပြောဆိုခဲ့သည်။

သို့သော် မကြာသေးမီက ဥရောပနိုင်ငံများတွင် ဒရုန်းကျူးကျော်ဝင်မှုဖြစ်စဉ်များအတွက် ၎င်းတို့တွင် တာဝန်မရှိဟု ရုရှားအစိုးရက တရားဝင် ငြင်းဆန်နေဆဲ ဖြစ်သည်။

Source: Reuters