ယာယီဝန်ကြီးချုပ် Phumtham Wechayachai က တင်သွင်းထားသော ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပေးရေးအဆိုကို ဘုရင့်အတိုင်ပင်ခံကောင်စီက ပယ်ချလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
လွှတ်တော်ကို ဖျက်သိမ်းပေးရန် စက်တင်ဘာလ ၂ ရက်က ထိုင်းဘုရင်ထံ စာပို့ တင်သွင်းခဲ့သောအဆိုကို ဘုရင့်အတိုင်ပင်ခံကောင်စီရုံးက ပယ်ချခဲ့ခြင်းဖြစ်ပြီး အစိုးရရုံးအဖွဲ့သို့ ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် စာပေးပို့ခဲ့ခြင်းဖြစ်သည်။
ယာယီအစိုးရအနေဖြင့် လွှတ်တော်ဖျက်သိမ်းရန် ထိုင်းဘုရင်ထံ တင်သွင်းခွင့် အာဏာမရှိကြောင်း ထိုင်းနိုင်ငံတော်ကောင်စီ အထွေထွေ အတွင်းရေးမှူးက ပြောသည်။
ထို့ကြောင့် ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်အသစ်ကို လွှတ်တော်ထဲ မဲပေးရွေးချယ်ရန်ရှိနေပြီး Bhumjaithai ပါတီခေါင်းဆောင် အနုထင် ချန်ဝီရကူ (Anutin Charnveerakul) က ဝန်ကြီးချုပ်အသစ် ဖြစ်လာတော့မည်ဖြစ်သည်။
အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီဘက်က တောင်းဆိုချက် ၅ ချက်ဖြင့် Bhumjaithai ပါတီခေါင်းဆောင် အနုထင် ချန်ဝီရကူ ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံပေးရန် သဘောတူထားခြင်းဖြစ်ကြောင့်ဖြစ်သည်။
ပြည်သူ့ပါတီကမူ အစိုးရအဖွဲ့တွင် ပါဝင်သွားမည် မဟုတ်ကြောင်း ကြေညာထားသလို လာမည့်လေးလအတွင်း လွှတ်တော်ကို ဖျက်သိမ်း၍ ရွေးကောက်ပွဲအသစ်ကျင်းပပေးရန် Bhumjaithai ပါတီနှင့် သဘောတူလက်မှတ်ထိုးထားသည်။
ထို့ကြောင့် Bhumjaithai ပါတီခေါင်းဆောင် အနုထင် ချန်ဝီရကူ အနေဖြင့် ဝန်ကြီးချုပ်အသစ်ဖြစ်လာပါက အစိုးရအဖွဲ့ကို ပြည်သူ့ပါတီက အမတ်များမပါဝင်ဘဲ အခြားပါတီများနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့သွားရန် စီစဉ်ထားကြောင်း ဖော်ပြသည်။
လက်ရှိအာဏာရ Pheu Thai ပါတီက ပြည်သူ့ပါတီနှင့် လွှတ်တော်ထဲ အတိုက်အခံပါတီများဖြင့် ဆက်ရှိနေမည်ဖြစ်ကြောင်း ဖော်ပြသည်။
လာမည့် စက်တင်ဘာလ ၅ ရက်တွင် လွှတ်တော်က ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်အသစ်ကို မဲပေးရွေးချယ်ရန် လွှတ်တော်ဥက္ကဋ္ဌက ကြေညာထားသည်။
Ref: Tha Nation Thailand, Thai Enqirer, Khaosod English







