BREAKING
November 1, 2025

ရန်ကုန်-ထားဝယ် ကားလမ်းပိတ်နေ၍ ထားဝယ်တွင် ငရုတ်သီးစိမ်း တစ်ပိဿာ ငါးသောင်းကျပ်ဖြစ်

September 3, 2025

ရန်ကုန်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်ပိုင်းတွင် တိုက်ပွဲကြောင့် ကုန်စီးဆင်းမှုများရပ် တန့်နေသဖြင့် ထားဝယ်စျေးကွက်တွင် ငရုတ်သီးစိမ်းတစ်ပိဿာ ကျပ်ငါးသောင်းအထိ ပေးဝယ်နေရကြောင်း ထားဝယ်ဒေသခံအိမ်ရှင်မများနှင့် ကုန်စိမ်းရောင်းချသူအချို့ထံမှသိရှိရသည်။

ထားဝယ်မြို့ပေါ်ရှိ ကမ်းနားစျေးနှင့် မြို့ပေါ် စျေးတို့တွင် ယနေ့ (စက်တင်ဘာ ၃)တွင် ငရုတ်သီးစိမ်း တစ်ပိဿာကို ကျပ် ၅၀၀၀၀အထိ စျေးမြင့်တက်ခဲ့ပြီး ကားလမ်းမပိတ်မီက ငရုတ်သီးစိမ်းတစ်ပိဿာ ကျပ် ၂၀၀၀၀ ခန့်သာရှိကြောင်း ထားဝယ်မြို့ကမ်းနားစျေးတွင် ကုန်စိမ်းလက်လီ၊လက်ကား ရောင်းချသူအမျိုးသမီးတစ်ဦးကပြောသည်။

“ဒီနေ့ဝယ်မရောင်းတော့ဘူး။ ငရုတ်သီးနဲ့ ခရမ်းကြွပ်သီး။ စျေးမှာဝယ်ရောင်းစရာကုန် တွေလည်း များများစားစားမရှိဘူး။ ချဉ်ပေါင်နဲ့ ကန်စွန်းရွက်တို့ပဲရှိတော့တယ်”ဟု ယင်းအမျိုးသမီးကပြောသည်။

လောင်းလုံးမြို့နယ်ရှိ စျေးတစ်ခုတွင် ငရုတ်သီးနို့ဆီဘူး တစ်ဘူးကို ၅၀၀၀ ကျပ်အထိ စျေးတက်သွား၍ ဟင်းတစ်ခွက်စာသာ ဝယ်ယူခဲ့ရကြောင်း လောင်းလုံးမြို့ နယ်တွင် နေထိုင်သည့်အိမ်ရှင်မ တစ်ဦးကပြောသည်။

“ဒီမနက် စျေးမှာ ငရုတ်သီး တစ်ဘူး ၅၀၀၀ ဆိုလို့ တစ်ထောင်ဖိုးပဲဝယ်ခဲ့တယ်။ ဆယ်လုံးကျော်ကျော် လောက်ပဲပါတယ်။ အစပ်မပါရင်လည်း စားမကောင်းဘူး။ အခု ကားတွေကလည်း မဆင်းတော့ ဒုက္ခပါပဲ”ဟု ယင်းအမျိုးသမီးကပြောသည်။

ကားလမ်းမပိတ်မီအချိန်က ထားဝယ်စျေးကွက်တွင် ငရုတ်သီး နို့ဆီးဘူးတစ်းဘူးလျှင် ကျပ် ၁၅၀၀ နှင့် ၂၀၀၀ ကြားတွင်သာရှိ ကြောင်း သိရသည်။

လက်ရှိ စျေးကွက်တွင် ရောင်းချ နေသည့် ငရုတ်သီးစိမ်းမှာ ရန်ကုန်ဘက်မှတင်သွင်းထားသည့် လက်ကျန် ငရုတ်သီးနှင့် ထားဝယ် ဒေသထွက် ငရုတ်သီးများသာဖြစ်ကြောင်း အထက်ပါစျေးသည် အမျိုးသမီးထံမှသိရသည်။

ယင်းအပြင် ထားဝယ်မြို့ ကမ်းနားစျေးတွင် ယနေ့ နံနက် ခရမ်းကြွပ်သီး နို့ဆီဘူးတစ်ဘူးစာကို ၂၀၀၀ ကျပ်အထိ ပေးရပြီး ကားလမ်းမပိတ်မီက တစ်ဘူး ကျပ် ၆၀၀ ဝန်းကျင်ခန့်သာရှိကြောင်း သိရသည်။

ထားဝယ်မြို့တွင် ပင်လယ်စာ အဓိကစားသုံးကြသဖြင့် ငရုပ်သီးစိမ်းမှာ အရေးပါသည့် ကုန်စိမ်းတစ်မျိုးဖြစ်သည်။

ယင်းအပြင် အခြားကုန်စိမ်းများလည်း အဆမတန် စျေးတက်နေသည့်အပြင် ဝယ်မရသည့် ကုန်စိမ်းများလည်း ရှိနေသောကြောင့် စားသောက်ဆိုင်များမှာလည်း အခက်အခဲဖြစ်နေပြီး အချို့ဆိုင်များမှာ ပိတ်ရမည့် အခြေအနေရှိနေကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန်-ထားဝယ် အမှတ် ၈ ပြည် ထောင်စုလမ်းပိုင်းဖြစ်သည့် မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဩဂုတ်လ ၂၆ ရက်နေ့မှစပြီး ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်များ ပိတ်မိနေသည်မှာ ၉ ရက်ခန့်ရှိလာပြီဖြစ်သည်။

ပိတ်မိနေသည့် ကုန်တင်ယာဉ်များတွင် ကုန်စိမ်းကားများလည်း ပါဝင်နေသဖြင့် ကုန်စိမ်းများ ပုပ်သိုးကုန်သဖြင့် လမ်းဘေးစွန့်ပစ်သူများရှိနေဟုလည်း ယာဉ်မောင်းများထံမှသိရသည်။