စစ်အာဏာရှင်တပ်သားများက လောင်းလုံးမြို့ပေါ် နေအိမ်များရှိ စားနပ်ရိက္ခာများနှင့် တန်ဖိုးရှိပစ္စည်းများကို အတင်းအဓမ္မ ယူဆောင်သွားလေ့ရှိကြောင်း မြို့ခံအချို့ထံမှ သိရသည်။
လောင်းလုံးမြို့ပေါ်ရှိ ထွေအုပ်ရုံးတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများ ကင်းလှည့်ထွက်ချိန် နေ့ဘက်ရော ညဘက်တွင်ပါ ယင်းကဲ့သို့ လုပ်ဆောင်နေကြကြောင်း မြို့ခံများက ပြောသည်။
ပြီးခဲ့သည့် လပိုင်းက လူမရှိသည့် နေအိမ်များကိုသာ ဖောက်ထွင်းဝင်ရောက်ပြီး ယူဆောင်နေရာက လက်ရှိတွင် လူရှိသည့် နေအိမ်များအတွင်းအဓမ္မဝင်ရောက်ကာ ယူဆောင်နေကြောင်း လောင်းလုံးမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“လူမရှိတဲ့ အိမ်တွေမှာလည်း ကုန်ပြီဆိုတော့ လူရှိတဲ့ အိမ်တွေကို စစ်စရာရှိတယ်ပြောပြီး လူတွေကို အပြင်ထွက်ခိုင်ပြီး အိမ်ထဲမှာရှိတာ အကုန်ယူတာ။ ယူတာကမှ ဘာမှမကျန်အောင်ကို ယူတာ။ ကြက်တွေဆို ရိုက်သတ်ပြီး ယူသွားတယ်။ ကြောင်ကအစ ရိုက်သတ်စားတာ။ သူတို့က ထည့်ဖို့အိတ်တောင် အသင့်ယူလာတာ” ဟု ၎င်းက ပြောသည်။
လောင်းလုံးမြို့တွင် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသဖြင့် ထားဝယ်မြို့အပါအဝင် အခြားမြို့ရွာများကို ပြောင်းရွှေ့နေထိုင်ကြသူများရှိသလို လောင်းလုံးမြို့တွင်ပင် ဆက်လက်နေထိုင်သူများလည်း ရှိသည်။
စစ်အာဏာရှင်တပ်သားများက လောင်းလုံးမြို့ပေါ်တွင် တစ်ပတ်လျှင် ငါးကြိမ်ခန့် ကင်းလှည့်ထွက်လေ့ရှိပြီး ကင်းလှည့်ထွက်တိုင်း ဝင်ရောက်ရှာဖွေယူဆောင်လေ့ရှိကြောင်း မြို့ခံများက ဆိုသည်။
အထူးသဖြင့် ပန်းတောဝဘုန်းကြီးကျောင်းတစ်ဝိုက်နှင့် ကြံတောရှောင်(ဒေသအခေါ်)ဘက်ခြမ်းရှိ နေအိမ်များကို ပိုမို ဝင်ရောက်ရှာဖွေကြကြောင်း မြို့ခံများထံမှ သိရသည်။
မြို့ထဲပိုင်းရှိနေအိမ်အချို့ကိုလည်း ဝင်ရောက်ပြီး ရှာဖွေယူဆောင်တတ်ကြောင်း (က)ရပ်ကွက်နေ မြို့ခံတစ်ဦးက ဆိုသည်။
“အရင်အပတ်ကပဲ ကျွန်မတို့အိမ်နဲ့ တစ်လမ်းကျော်က အိမ်တွေထဲ ဝင်မွှေသွားတာ” ဟု ၎င်းက ပြောသည်။
ထိုသို့ဝင်ယူရာတွင် ရွှေငွေ ကဲ့သို့ တန်ဖိုးကြီးပစ္စည်းများလည်း ယူဆောင်သွားကြကြောင်း လောင်းလုံးမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ရွှေလည်းပါတယ်။ ပိုက်ဆံတွေ ဖုန်းတွေလည်း ပါလှပြီ။ ဗီရိုတွေထဲ အဝတ်တွေ ဆွဲထုတ်ပစ်ပြီးရှာတာ။ (အမျိုးသမီး)လစဥ်သုံးအောက်မှာ ဝှက်ထားတာတောင် မလွတ်ဘူး” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်တပ်သားများက ယင်းသို့ လုပ်ဆောင်နေကြသည့်အတွက် စားနပ်ရိက္ခာကြိုတင်စုဆောင်းမည့် မြို့ခံများ အခက်တွေ့နေကြသည်။
“ပစ်ကြခတ်ကြမှာကြောက်လို့ အပိုဝယ်ထားလည်း သူတို့ဝင်လာရင် အကုန်ယူသွားတော့ ဝယ်ထားလို့ မရဘူးလေ” ဟု အထက်ပါအမျိုးသမီးက ပြောသည်။
လောင်းလုံးမြို့ပေါ်ရှိ စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းကလည်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။