တနင်္သာရီတိုင်းမှ ရန်ကုန်မြို့သို့ အသွား၊ အပြန် ခရီးစဉ်အတွက် လေယာဉ်လက်မှတ် ဝယ်ယူရခက်ခဲနေကြောင်း ခရီးသည်အချို့နှင့် လေယာဉ်လက်မှတ်အရောင်းဌာအချို့ထံမှ သိရသည်။
ရန်ကုန်-မော်လမြိုင်- ထားဝယ်- မြိတ်- ကော့သောင်းသွား အမှတ် ၈ ပြည်ထောင်စုကားလမ်းမကြီးတွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် လမ်းပိတ်လျက်ရှိသည်။
အဆိုပါပြည်ထောင်စုလမ်းပိုင်း မလွှဲတောင်နှင့် ကလိန်အောင်မြို့ကြားရှိ လမ်းပိုင်းတွင် တိုက်ပွဲကြောင့် ခရီးသည်ကားနှင့် ကုန်တင်ကားများပိတ်မိနေကြသည်မှာ ၁၀ ရက်ခန့်ရှိနေပြီသည်။
အလားတူ ထားဝယ်-မြိတ်-ကော့သောင်း ကားလမ်းပိုင်းဖြစ်သည့် ပုလောမြို့နယ် မကျည်းကုန်းရွာအနီးတွင် လမ်းပိတ်နေကြောင်း ခရီးသည်ကားလိုင်းအချို့ထံမှ သိရသည်။
ယင်းကဲ့သို့ လမ်းပိတ်နေသဖြင့် ခရီးသွားရမည့်သူများမှာ လေကြောင်းလိုင်းဖြင့် သွားလာသူများလာပြီး လေယာဉ်လက်မှတ်လည်း ဝယ်ရခက်လာကြောင်း ခရီးသည်အချို့က ပြောသည်။
ထားဝယ်နှင့် မြိတ်မြို့ရှိ လေယာဉ်လက်မှတ်အရောင်းဌာနအချို့အား မေးမြန်းချက်အရ တနင်္သာရီတိုင်းမှ ရန်ကုန်မြို့သို့ အသွားအပြန် ခရီးစဉ်လက်မှတ်များမှာ စက်တင်ဘာလ ၁၅ ရက်အထိ ကုန်နေပြီဖြစ်ကြောင်း ပြောဆိုကြသည်။
ယင်းမှာ စက်တင်ဘာ ၃ ရက် မနက်ပိုင်းအခြေအနေဖြစ်သည်။
“အခုတလောကတော့ လေယာဉ်နဲ့သွားတဲ့သူတွေ တော်တော်ကို များနေပါတယ်။ အနည်းဆုံးတစ်ပတ်လောက် ကြိုဝယ် ထားမှ ရတော့တာရှင်” ဟု မြိတ်မြို့ လေယာဉ်လက်မှတ်ရောင်းဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုကဲ့သို့ လေယာဉ်ဖြင့်ခရီးသွားသူများပြားနေသော်လည်း လက်မှတ်ဈေးနှုန်း အတက်အကျ မရှိကြောင်းလည်း လေယာဉ်လက်မှတ်အရောင်းဌာနအချို့ထံမှ သိရသည်။
သို့သော် ပြီးခဲ့သည့် ဇွန်လ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက လက်ရှိ လက်မှတ်ဈေးနှုန်းမှာ သောင်းဂဏန်း ဈေးတက်လျက်ရှိသည်။
ဇွန်လ တတိယအပတ်က ရန်ကုန်- ကော့သောင်း လေယာဉ်လက်မှတ်တစ်စောင်လျှင် ကျပ်ရှစ်သိန်းခွဲဝန်းကျင်သာ ရှိသော်လည်း လက်ရှိတွင် ရှစ်သိန်းခုနစ်သောင်းကျော်ရှိနေသည်။
အလားတူ ထားဝယ်-ရန်ကုန်၊ ထားဝယ်-ကော့သောင်း စသည့် ခရီးစဉ်များလည်း ကျပ်သောင်းဂဏန်း ဈေးတက်လျက်ရှိကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနအချို့ထံမှ သိရသည်။
လေယာဉ်လက်မှတ်ဝယ်ယူရန် မတတ်နိုင်သူတို့ကမူ ကားလမ်းပြန်ဖွင့်မည့်အချိန်ကိုသာ စောင့်မျှော်နေကြရကြောင်းလည်း ရန်ကုန်မြို့သို့ ဆေးကုသွားသူ ထားဝယ်မြို့ခံတစ်ဦးကပြောသည်။
“ကားလမ်း မဖွင့်သေးလို့ မဆင်းရသေးတဲ့သူတွေ ကျွန်မတို့တည်းနေတဲ့ ဘုန်းကြီးကျောင်းမှာကို တစ်ဆယ်ကျော်လောက် ရှိတယ်။ ကျွန်မတို့လည်း ဆင်းရနိုးနိုးနဲ့ စောင့်နေတာ ငါးရက်လောက်ရှိနေပြီ။ လေယာဉ်နဲ့ ဆင်းမယ်ဆိုတော့လည်း ကျွန်မတို့မှာက အားလုံးပေါင်းဆို လူသုံးယောက်တောင်ရှိတာ။ လေယာဉ်လက်မှတ်ဖိုးချည်ကို ဆယ်သိန်း လောက်ကျမှာ ဆိုတော့ ကားလမ်းဖွင့်မှပဲ ဆင်းတော့မယ်ဆိုပြီးစောင့်နေတာ” ဟု ၎င်းက ပြောဆိုသည်။
ကလိန်အောင်နှင့် မလွဲတောင်ကြားလမ်းပိုင်းတွင် ပိတ်မိနေသူခရီးသည်အချို့ကမူ ယနေ့စက်တင်ဘာလ ၃ ရက် မနက်ပိုင်းအခြေအနေအရ လမ်းပြန်ဖွင့်မည့် အခြေအနေ မတွေ့ရသေးကြောင်းပြောဆိုကြသည်။







