မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟု သံသယရှိသည့် ဗင်နီဇွဲလား မူးယစ်ဂိုဏ်းလှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကာ လှေပေါ်ပါလာသည့် လူ ၁၁ ဦးကို သတ်ဖြတ်နိုင်ခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၂ ရက်တွင် ပြောဆိုသည်။
ယင်းမှာ ကာရစ်ဘီယန် ပင်လယ်တောင်ပိုင်းသို့ ထရမ့်အစိုးရက အမေရိကန်စစ်သင်္ဘာများ တပ်ဖြန့်စေလွှတ်လိုက်ပြီးနောက် ပထမဆုံး သတင်းထွက်ပေါ်လာသည့် စစ်ဆင်ရေးလည်း ဖြစ်သည်။
“ပြီးခဲ့တဲ့ မိနစ်အနည်းငယ်ကပဲ လှေတစ်စီးကို ကျွန်တော်တို့ ပစ်ခတ်ဖျက်ဆီးပစ်လိုက်ပြီ။ မူးယစ်ဆေးသယ်တဲ့ လှေတစ်စီးပါ။ အဲဒီလှေထဲမှာ မူးယစ်ဆေးတွေ အများကြီး ပါလာတယ်” ဟု ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
“အဲဒါတွေ လာခဲ့တဲ့ နေရာကနေ ဒီလိုမျိုး နောက်ထပ်အများကြီး ရှိသေးတယ်။ ကျွန်တော်တို့ နိုင်ငံထဲကို မူးယစ်ဆေးဝါးတွေ အများကြီး လှိမ့်ဝင်နေတယ်။ အဲလို ဖြစ်နေတာ အတော်ကြာပြီ။ အဲဒါတွေက ဗင်နီဇွဲလားကနေ ဝင်လာနေတာ” ဟု ထရမ့်က ဆိုသည်။
မူးယစ်ဆေးဝါး သယ်ဆောင်လာကြောင်း သံသယရှိသည့် လှေပေါ်တွင် လိုက်ပါလာသူများကို ဖမ်းဆီးထိန်းသိမ်းရမည့်အစား လှေကို ပစ်ခတ်ဖျက်ဆီးရန် ဆုံးဖြတ်လိုက်ခြင်းသည် အင်မတန် ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။
ယင်းဆုံးဖြတ်ချက်က အယ်လ်ကိုင်းဒါးကဲ့သို့သော စစ်သွေးကြွအဖွဲ့များကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်များကို ပြန်ပြောင်းအမှတ်ရစေသည်ဟုလည်း ဖော်ပြထားသည်။
“မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတယ်လို့ သံသယရှိရုံနဲ့ သေဒဏ်ပေးလိုက်လို့ ရတာမဟုတ်ဘူး” ဟု လက်တင်အမေရိကဆိုင်ရာ အမေရိကန်ကာကွယ်ရေးစောင့်ကြည့်မှုဒါရိုက်တာ Adam Isacson က ဆိုသည်။

ထရမ့်က ၎င်းပိုင်ဆိုင်သည့် Truth Social လူမှုကွန်ရက်ပေါ်တွင်လည်း လှေကို တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဗီဒီယိုတစ်ခုကို ထုတ်ပြန်ခဲ့သည်။
ယင်းဗီဒီယိုတွင် ပင်လယ်ပြင်အတွင်း စပိဘုတ်လှေတစ်စီး ပေါက်ကွဲမီးလောင်နေသည်ကို ဒရုန်းဖြင့် ရိုက်ကူးထားသည့် ပုံစံပြသထားသည်ကို တွေ့ရသည်။
“အဲဒီတိုက်ခိုက်မှုမှု အကြမ်းဖက်သမား ၁၁ ဦးကို သတ်ဖြတ်နိုင်ခဲ့တယ်။ ဒီတိုက်ခိုက်မှုအတွင်းမှာ အမေရိကန်တပ်ဖွဲ့ဝင်တစ်ယောက်မှ ထိခိုက်ခဲ့တာ မရှိဘူး” ဟု ထရမ့်က ဆိုသည်။
အဆိုပါ လှေပေါ်တွင် ပါလာသည့် အဖွဲ့သားများမှာ ဗင်နီဇွဲလား မူးယစ်ဂိုဏ်း Tren de Argua ဖြစ်ကြောင်း အမေရိကန်စစ်တပ်က သတ်မှတ်ဖော်ထုတ်နိုင်ခဲ့သည်ဟု ထရမ့်က ဆိုသည်။
Tren de Argua ဂိုဏ်းအား အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်စစ်တပ်က ယခုနှစ် ဖေဖော်ဝါရီလတွင် ကြေညာခဲ့သည်။
အဆိုပါ Tren de Aragua ဂိုဏ်းကို ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုက ထိန်းချုပ်နေသည်ဟုလည်း ထရမ့်က ထပ်မံစွပ်စွဲခဲ့သည်။
အဆိုပါ စွပ်စွဲချက်များကို ဗင်နီဇွဲလားအစိုးရဘက်က ငြင်းဆန်လျက် ရှိသည်။
Truth Social ပေါ်တွင် ထရမ့် ဖြန့်ဝေထားသည့် ဗီဒီယိုမှာ အေအိုင်ဖြင့် ဖန်တီးထားကြောင်း ဗင်နီဇွဲလားနိုင်ငံ ဆက်သွယ်ရေးဝန်ကြီး ဖရက်ဒီနာညက်ဇ်က လူမှုကွန်ရက်ပေါ်တွင် ပြောဆိုရေးသားခဲ့သည်။
အဆိုပါ လှေပေါ်တွင် မည်သည့် မူးယစ်ဆေးဝါးအမျိုးအစားများ မည်မျှသယ်ဆောင်လာသည် ၊ တိုက်ခိုက်မှုကို မည်သို့ လုပ်ဆောင်ခဲ့သည်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို အမေရိကန်ပင်တဂွန်စစ်ဌာနကချုပ်က ထုတ်ပြန်ထားခြင်း မရှိသေးပေ။
Source: Reuters