ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းက အသက် ၄၀ ဝန်းကျင် အရွယ် အမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိရကြောင်း လူမှုကူညီရေးအသင်းနှင့် မြို့ခံများထံမှ သိရသည်။
သေဆုံးသူအမျိုးသားသည် လောင်းလုံးမြို့နယ်၊ လေးသွန်းခံကျေးရွာအုပ်စု ဇာတိဖြစ်ပြီး လွန်ခဲ့သည့် ၁၀နှစ်ကျော် ကတည်းက ကော့သောင်းမြို့ ၊ အေးချမ်းသာရွာတွင် ရွှေ့ပြောင်းနေထိုင်သူ ဦးအောင်ဇော်ထွန်းဖြစ်ကြောင်း ၎င်းနှင့် ဆွေမျိုးနီးစပ်သူများ၊ မိတ်ဆွေများက ပြောသည်။
ကိုအောင်ဇော်ထွန်းသည် ယခင်က ကျောင်းဆရာဖြစ်ပြီး စစ်အာဏာသိမ်းကာလ၎င်း CDM လှုပ်ရှားမှုတွင် ပါဝင်သဖြင့် အလုပ်ရပ်နားခံရသည့်နောက်ပိုင်း မင်္ဂလာပွဲအစီအစဥ် ဝန်ဆောင်မှုလုပ်ငန်းနှင့် ဓာတ်ပုံ၊ ဖိတ်စာလုပ်ငန်းလုပ်ကိုင်နေသူ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ကိုအောင်ဇော်ထွန်းသည် မနက်စာ လာမစားသဖြင့် တည်ခိုခန်းတာဝန်ရှိသူက အခန်းတံခါးခေါက်ပြီး သွားခေါ်ရာ တုံ့ပြန်မှု မရှိသဖြင့် မသင်္ကာ၍ အခန်းအားဖွင့်ကြည့်စဉ် သေဆုံးလျက်တွေ့ရခြင်းဖြစ်ကြောင်း အလောင်းကို ကူညီသယ်ဆောင်ရာတွင် ကူညီခဲ့သူများက ပြောဆိုသည်။
ယင်းနောက် ရဲတပ်ဖွဲ့ နှင့် လူမှုကူညီရေးအသင်းများကို ခေါ်၍ ပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သူများထံမှ သိရသည်။
သေဆုံးသည့် အကြောင်းအရင်းကိုမူ သေသေချာချာမသိရသေးပေ။
အဆိုပါအမျိုးသား မသေဆုံးမီ တည်းခိုနေသည့်အခန်းသို့ လာရောက်ခဲ့သည့် အမျိုးသားနှစ်ဦးကို လုံခြုံရေးကင်မရာ မှတ်တမ်းတွင် တွေ့ရပြီး သံသယရှိသဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း ကိုအောင်ဇော်ထွန်း၏ ဆွေမျိုးနီးစပ်သူများနှင့် မိတ်ဆွေများထံမှ သိရသည်။
ကိုအောင်ဇော်ထွန်းသည် အနေအေးသူဖြစ်ပြီး ရန်ငြိုးရန်စလည်း မရှိကြောင်း ၎င်းနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။






