ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းလွှတ်တော်ကို ဖျက်သိမ်းမည်ဟု ယာယီဝန်ကြီးချုပ်ကြေညာ

September 3, 2025

ထိုင်းလွှတ်တော်ကို ဖျက်သိမ်းမည်ဟု ယာယီဝန်ကြီးချုပ် Phumtham Wechayachai က ယနေ့ စက်တင်ဘာ ၃ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ကြေညာလိုက်သည်။

လွှတ်တော်ကို ဖျက်သိမ်းပေးရန်အတွက် စက်တင်ဘာလ ၂ ရက်ကတည်းက ထိုင်းဘုရင်ထံ စာပို့ တင်ပြထားပြီး ဖြစ်ကြောင်း ဆိုသည်။

အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီက လက်ရှိအာဏာရ Pheu Thai ပါတီကို မဟုတ်ဘဲ Bhumjaithai ပါတီ၏ ခေါင်းဆောင် Anutin Charnveerakul ကို ထိုင်းဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်မည်ဟု ကြေညာပြီးနောက်ပိုင်း ယာယီဝန်ကြီးချုပ်က လွှတ်တော်ဖျက်သိမ်းရန် ကြေညာလိုက်ခြင်းဖြစ်သည်။

ပြည်သူ့ပါတီဘက်က တောင်းဆိုချက် ၅ ချက်ဖြင့် Bhumjaithai ပါတီ၏ ခေါင်းဆောင် Anutin Charnveerakul ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံပေးမည်ဟု သဘောတူထားခြင်းဖြစ်သည်။

သဘောတူချက်များတွင် လေးလအတွင်း လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ကျင်းပပေးရန် ပါဝင်သည်။

ပြည်သူ့ပါတီက အတိုက်အခံပါတီအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်သလို ဝန်ကြီးရာထူး ရယူခြင်းမရှိကြောင်း ကြေညာထားသည်။

ဩဂုတ်လ ၂၉ ရက်က ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်ကို ရာထူးမှ ရပ်နားလိုက်ပြီးနောက်ပိုင်း ဝန်ကြီးချုပ်ရာထူး လစ်လပ်နေဆဲဖြစ်ကာ အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ထားရပြီး ထိုင်းနိုင်ငံရေးအခြေအနေ ရှုပ်ထွေးနေဆဲဖြစ်သည်။

ထို့ကြောင့် လာမည့် ရက်အနည်းငယ်အတွင်း လွှတ်တော်က ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်အသစ်ကို မဲပေးရွေးချယ်ရမည်ဖြစ်သည်။

ပြည်သူ့ပါတီနှင့် Bhumjaithai ပါတီတို့ သဘောတူညီချက်ထွက်ပြီးနောက်ပိုင်း Pheu Thai ပါတီဘက်က ယာယီဝန်ကြီးချုပ် ရယူထားသော Phumtham Wechayachai က လွှတ်တော်ကို ချက်ချင်းဖျက်သိမ်းမည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။

အကယ်၍ ဘုရင်က သဘောတူပြီး လက်မှတ်ရေး ပြဋ္ဌာန်းလိုက်ပါက လွှတ်တော်ကို ချက်ချင်းရပ်ဆိုင်းလိုက်ပြီး ရွေးကောက်ပွဲအသစ်ကို လာမည့် ၄၅ ရက်မှ ရက် ၆၀ အတွင်း ပြန်လည်ကျင်းပရမည်ဖြစ်သည်။

Ref: Thai Enquirer, Khaosod