BREAKING
November 1, 2025

တနင်္သာရီ သိန်ခွန်းရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်၊ စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်နှစ်ကြိမ် ဗုံးကြဲ

September 3, 2025

ပုံစာ - သိန်ခွန်းကျေးရွာအနီးဝန်းကျင်တစ်နေရာအား တွေ့ရစဉ်(ပုံဟောင်း)

ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာဝန်းကျင်တွင် တော်လှန်ရေးများတပ်နှင့် တိုက်ပွဲဖြစ်ပွားနေရာကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် တစ်ရက်အတွင်း နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

စက်တင်ဘာလ ၁ ရက် ညနေ ၃ နာရီခွဲကျော်တွင် တိုက်ပွဲဖြစ်နေသည့်ဧရိယာကို တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံး လာကြဲပြီး ညနေ ၄ နာရီခန့်တွင်လည်း ဗုံးတစ်လုံးထပ်လာကြဲကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“လာကြဲတာက သုံးလုံးလာကြဲတယ်။ သုံးလုံးမှာ တစ်လုံးက သူ(စစ်အာဏာရှင်တပ်)တို့ နေရာယူထားတဲ့ ဧရိယာအတွင်းကျတယ်။ နှစ်လုံးက တောထဲမှာပဲ ကျတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ဗုံးကြဲရာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောဆိုသည်။

တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက်တွင် တော်လှန်ရေးတပ်နှင့် စစ်အာဏာရှင်တပ်တို့ ဒရုန်းဖြင့် အပြန်အလှန် ဗုံးချတိုက်ခိုက်ခဲ့ကြကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ဆိုသည်။

“တိုက်ပွဲက တစ်ရက်လုံး ပစ်ခတ်မှုဖြစ်နေတယ်။ သေနတ်သံလည်း မစဲဘူး။ ညနေပိုင်း ဒရုန်းတိုက်ခိုက်မှုမှာ နှစ်ဘက်စလုံး နည်းနည်းပါးပါး ထိခိုက်ကြတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်အခြေအနေကို Dawei Watch အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

သိန်ခွန်းကျေးရွာနှင့်အနီးတစ်ဝိုက်တွင် စစ်အာဏာရှင်တပ်နှင့်တော်လှန်ရေးတပ်တို့ ဩဂုတ်လ ၂၉ရက်မှ စက်တင်ဘာ ၁ရက်နေ့အထိ လေးရက်ဆက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တော်လှန်ရေးတပ်များ စိုးမိုးထားသည့် မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကို ပြန်လည်စိုးမိုးရန် စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေသည်မှာ ရှစ်လကျော်လာပြီဖြစ်သော်လည်း ရှေ့ဆက်မတိုးနိုင်ဘဲ သိန်ခွန်းရွာအနီးတွင်ပင် ရပ်တန့်နေဆဲဖြစ်သည်။