BREAKING
October 19, 2025

ပလမြို့တွင် အရပ်သားလေးဦးကို စစ်ကောင်စီတပ်သတ်ဖြတ်

August 3, 2025

ပုလောမြို့နယ်၊ ပလမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများက အရပ်သားလေးဦးကို ပစ်ခတ်သတ်ဖြတ်ကြောင်း မြို့ခံအချို့က ပြောသည်။

ဩဂုတ်လ ၂ရက်နေ့က မြို့ခံအမျိုးသား သုံးဦးနှင့် စိတ်ကျန်းမာရေး မကောင်းသည့် အမျိုးသမီးတစ်ဦးတို့ကို ပစ်ခတ်ခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။

စစ်ကောင်စီတပ်သားများသည် အဆိုပါ အရပ်သား လေးဦးကို ပလမြို့၊ မြေနီကုန်းရပ်ကွက်တွင် ပစ်သတ်ခြင်းဖြစ်ကြောင်း ပလမြို့ခံတစ်ဦးက ပြောဆိုသည်။

“စကစ တပ်သားတွေက ပလရဲစခန်းကနေ ထွက်လာပြီး ရပ်ငယ်ကျောင်းလမ်းအတိုင်းလာပြီး တွေ့တဲ့သူတွေအကုန်ကို ထိုးပစ်တာ။ အဲဒီမှာ သေသွားကြတာ။ စိတ်မနှံ့တဲ့အမျိုးသမီးက (ထမီ) ရင်ခေါင်းလျားနဲ့ သေနေတာ။ အခုအချိန်အထိ အလောင်း မကောက်ရသေးဘူး” ဟု ၎င်းက ပြောသည်။

သေဆုံးရသူများမှာ ပလမြို့ခံများဖြစ်ကာ အသက် ၃၀ ဝန်းကျင်အရွယ်များဖြစ်ကြပြီး ဦးအောင်ဦး၊ ဦးမဲပြာ၊ ဦးစိုးလင်းနှင့် ဒေါ်သီဝင်း တို့ဖြစ်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

အဆိုပါ မြို့ခံလေးဦးအနက် နှစ်ဦး၏ ရုပ်အလောင်းများကို ကောက်ယူရရှိထားပြီး နှစ်ဦးမှာ မရရှိသေးကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်ကလည်း ပလမြို့ခံ ဦးလင်းထိုက်ဇော်ကို ကြိုးတုပ်ဖမ်းဆီးပြီး ပစ်သတ်ခဲ့သေးကြောင်း ၎င်းနဲ့ တစ်ရပ်ကွက်တည်းနေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

“သူ့ကို စကစက ကြိုးတုပ်ပြီးသတ်ခဲ့တာ။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အလောင်းကိုမြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တာ။ အခု ပလထဲမှာ ဖြစ်နေတာတွေက မြို့ထဲအချင်းချင်းတောင် အတည်ပြုဖို့ခက်နေတာမျိုး” ဟု မြေပြင်တွင် အခြေအနေရှုပ် ထွေးနေသည့်အကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။

ပလမြို့နှင့်အနီးတဝိုက်ကျေးရွာများတွင် ဇူလိုင် ၂၄ရက်ကစပြီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ဖြင့် အင်အားသုံးပြီး ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် အရပ်သားသေဆုံးမှုမြင့်တက်နေကြောင်း မြို့ခံများက ပြောဆိုသည်။