အင်ဒိုနီးရှားအစိုးရက ထုတ်ဝေမည့် အင်ဒိုနီးရှားသမိုင်းစာအုပ်သစ်များတွင် ၁၉၉၈ ခုနှစ် အဓိကရုဏ်းကာလအတွင်း အမျိုးသမီးများကို အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်မှု ဖြစ်စဉ်အား ဖယ်ရှားသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားယဉ်ကျေးမှုဝန်ကြီးက ဇူလိုင်လ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
သမိုင်းပညာရှင်များနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၏ ဝေဖန်မှုနှင့် ကြုံတွေ့နေရသော်လည်း အဆိုပါ နိုင်ငံ့သမိုင်းစာအုပ်သစ်များ ရေးသားထုတ်ဝေရေး စီမံချက်ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အင်ဒိုနီးရှားယဉ်ကျေးမှုဝန်ကြီး Fadli Zonက ဆိုသည်။
အင်ဒိုနီးရှားသမိုင်းစာအုပ်သစ်များကို ရေးသားထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံအတွင်း နက်ရှိုင်းသည့် လူမျိုးရေးအကွဲအပြဲများကို ရှောင်ရှားလိုခြင်း ဖြစ်သည်ဟု ယဉ်ကျေးမှုဝန်ကြီးက ဆိုသည်။
နိုင်ငံ့သမိုင်း၏ အထင်ကရဖြစ်ရပ်များကို အပြုသဘောဆောင်ချဉ်းကပ်မှုဖြင့် ပြန်ပြောင်းပြောဆိုခြင်းဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို အားပေးမြှင့်တင်ရန် ရည်ရွယ်သည်ဟု ၎င်းက ပြောသည်။
၁၉၉၈ ခုနှစ် အောက်တိုဘာလ အဓိကရုဏ်းများအတွင်း အမျိုးသမီးအမြောက်အများ အဓမ္မပြုကျင့်ခံခဲ့ရကြောင်း လွတ်လပ်သောစုံစမ်းစစ်ဆေးတွေ့ရှိချက် ထွက်ပေါ်လာပြီး ဖြစ်သော်လည်း ယဉ်ကျေးမှုဝန်ကြီး Fadli Zon က ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်အရ ၁၉၉၈ ခုနှစ် အောက်တိုဘာလတွင် အနည်းဆုံး အမျိုးသမီး ၅၂ ဦး အဓမ္မပြုကျင့်ခံခဲ့ရကြောင်း အင်ဒိုနီးရှား ပြည်တွင်းမီဒီယာ တစ်ခုဖြစ်သည့် Jakarta Globe က ဖော်ပြထားသည်။
ဗုဒ္ဓဟူးနေ့က အင်ဒိုနီးရှားလွှတ်တော်တွင် ၁၉၉၈ ခုနှစ် အဓိကရုဏ်းကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီး Fadli Zon က ဝန်ခံခဲ့သည်။
သို့သော် “အစုလိုက်အပြုံလိုက်အဓမ္မပြုကျင့်မှု”ဆိုသည့် အသုံးအနှုန်းကိုမူ ၎င်းက မေးခွန်းထုတ်ခဲ့သည်။
ယင်းစကားလုံးကို သုံးစွဲရန် ဥပဒေကြောင်းအရ ၊ သမိုင်းကြောင်းအရ အထောက်အထား လိုအပ်သည်ဟု ၎င်းက ပြောသည်။
“ကျွန်တော့်တစ်ဦးတည်းအမြင်နဲ့ဆိုရင် အဲဒီကိစ္စတွေဖြစ်ခဲ့တယ်ဆိုတာ အသိအမှတ်ပြုပါတယ်။ အဲဒါကို ရှုတ်ချပါတယ်။ဒါပေမဲ့ “အစုလိုက်အပြုံလိုက်” ဆိုတဲ့ စကားလုံးကိုတော့ သက်သေပြဖို့ လိုအပ်တယ်” ဟု ၎င်းက ပြောသည်။
“ဘယ်သူတွေက ကျူးလွန်ခဲ့သလဲဆိုတာကို ကျွန်တော်တို့က ပြန်တူးဆွနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါမျိုး နောက်ထပ်မဖြစ်အောင် သေချာစေဖို့ လုပ်နေပါတယ်” ဟု ၎င်းက လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။
အသစ်ရေးဆွဲထုတ်ဝေမည့် အတွဲ ၁၀ တွဲပါ အင်ဒိုနီးရှားသမိုင်းစာအုပ်များတွင် တိုင်းပြည်ကို စည်းလုံးညီညွတ်စေမည့် ဇာတ်ကြောင်းပြောဟန်များကိုသာ အစိုးရက ပိုလိုလားသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်မှုများသည် ကောလာဟလများသာ ဖြစ်သည်ဟု ယဉ်ကျေးမှုဝန်ကြီး Fadli Zon က ပြီးခဲ့သည့်လတွင် ပြောဆိုခဲ့သည်။
ယင်းကြောင့် ၎င်းအား အကြီးအကျယ် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
ယင်းပြောဆိုမှုကြောင့် လာမည့် ဩဂုတ်လ ၁၇ ရက်နေ့ အင်ဒိုနီးရှားလွတ်လပ်ရေးနေ့တွင် ထုတ်ဝေမည့် သမိုင်းစာအုပ်သစ်များနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။
အဆိုပါ သမိုင်းစာအုပ်သစ်များတွင် အကြီးစားလူ့အခွင့်အရေးချိုးဖောက်မှုများကို ဖယ်ချန်ခဲ့လိမ့်မည်ဟု သမိုင်းပညာရှင်အချို့က ပြောသည်။
သမ္မတဟောင်းဆူဟာတိုလက်ထက် နိုင်ငံ့စီးပွားရေး မတည်ငြိမ်မှုနှင့် အာဏာရှင်ဆန်သည့် အုပ်ချုပ်မှုကြောင့် လူထုအကြား မကျေနပ်ချက်များ စုပြုံလာပြီး ၁၉၉၈ ခုနှစ်တွင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။
အဆိုပါ အဓိကရုဏ်းများ ဖြစ်ပွားနေစဉ် ၁၉၉၈ ခုနှစ် မေလတွင် အင်ဒိုနီးရှားမြို့ကြီးများ၌ တရုတ်သွေးပါသည့် အင်ဒိုနီးရှားနိုင်ငံသား အမြောက်အများ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည်။ ယင်းနောက် ရက်အတန်ကြာတွင် သမ္မတဆူဟာနို နုတ်ထွက်သွားခဲ့သည်။
၁၉၉၈ ခုနှစ် အဓိကရုဏ်းများအတွင်း အကြမ်းဖက်မှုများသည် လက်ရှိအချိန်အထိ အင်ဒိုနီးရှားတွင် ထိလွယ်ရှလွယ်သည့် အကြောင်းအရာတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။
အဆိုပါ အဓိကရုဏ်းများအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို အစိုးရက အသိအမှတ်ပြုသင့်ပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ပေးရန် လူ့အခွင့်အရေးအဖွဲ့များက ထပ်တလဲလဲ တောင်းဆိုခဲ့ကြသည်။
ဥပဒေကြောင်းအရ မဖြေရှင်းနိုင်မှုကြောင့် ကျူးလွန်ခံရသူများအတွက် လက်ရှိအချိန်အထိ တရားမျှတမှု ကင်းမဲ့နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။
ကျူးလွန်ခံရသူတော်တော်များများသည် အကြောက်တရားနှင့် ရှက်စိတ်ကြောင့် ၎င်းတို့ ကြုံတွေ့ခဲ့ရသည်ကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးဟု ၎င်းတို့က ဆိုသည်။
Source: Channel News Asia